တောင်ငူ ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန် နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် အုတ်တွင်း မြို့နယ်၊ နတ်စဉ်ကုန်းကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးအကွက်ကျယ် စံပြစိုက်ခင်း ဧက(၃၀၀) ပေါင်းလိုက်၊ သမန်းနှိုး၊မြေဩဇာကြဲပက်နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ သွင်းအားစုသုံးစွဲမှုလျော့ကျစေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) စိုက်ပျိုးရန်၊ ဒေသကျွဲနွားများ ပြုန်းတီး မှုမရှိစေရေး ခြံလှောင်စနစ်ဖြင့် တိုးချဲ့မွေးမြူရန်၊ ရေသွင်းရေထုတ်မြောင်းများ ရေရှည်ကောင်းမွန်စေရေး ထိန်းသိမ်းစောင့်ရှောက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက မိုးစပါးစိုက်တောင်သူများထံ သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၌ ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါး(၉၅၀)ဧကအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် သက်တမ်းတူ၊ မျိုးတူ ပြန်လည်စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး မိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ ဒေသတွင်း မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းခြင်းမရှိစေရေး၊ ပန်းတိုင်အထွက်နှုန်း ကျော်လွန် ထွက်ရှိရေး၊ သဘာဝ မြေဩဇာပြုလုပ်သုံးစွဲနိုင်သည့် နည်းပညာများကျယ်ကျယ်ပြန့်ပြန့် ရရှိရေးနှင့် လယ်မြေအခြေအနေ ပေါ်မူတည်၍ မျိုးပြောင်းလဲစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ ဒေသခံ တောင်သူများအား သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးပြန်လည်တူးဖော်ထားမှု၊ မော်ကွန်းတံခါး ပြန်လည်ဖော်ထုတ်မှုနှင့် ကျုံးကူးတံတား တည်ဆောက်မည့်နေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းဆိုင်ရာကိစ္စရပ်များ တူးဖော်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာတွင် သုတေသနပြုခြင်း၊ တိကျခိုင်မာသည့် အထောက်အထားများ ရှာဖွေခြင်း၊ မြို့ရိုး/တံခါးပေါက်နှင့် ဆက်စပ်အဆောက်အဦနေရာများ ဖော်ထုတ်ရန်၊ ရေကျုံးနှင့် နွံ့ကျုံး (၂)ထပ် ကာရံထားသည့် ထူးခြားသောမြို့ဟောင်းတစ်ခု၍ မြို့ရိုးပေါ်ရှိ အဆောက် အဦများ ဖယ်ရှားရာတွင် ရှေးဟောင်းသမိုင်းဆိုင်ရာ အထောက်အထားများ ထိခိုက်မှုမရှိစေရေးနှင့် ကျုံးပတ်လမ်းကောင်းမွန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းအတွင်းရှိ ရှေးဟောင်းဘုတ်တလုပ်ရေကန် ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနေမှု၊ ကန်ပတ်လမ်းကတ္တရာထပ်ပိုးလွှာ ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့်ဘုတ်တလုပ်ကန်နှင့်သက်ဆိုင်သည့် အုတ်စီ/အုတ်ရိုး ရှာဖွေတူးဖော်နေမှု တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းကန်အတွင်း ရေဆိုးဝင်ရောက်မှုမရှိစေရေး ရေထုတ် မြောင်းများ ထည့်သွင်း တည်ဆောက်ရန်၊ ရေကန်နယ်နိမိတ်အား စနစ်တကျကာရံထားရန်၊ သမိုင်းဆိုင်ရာ အထောက် အထားများ အများပြည်သူ သိရှိတန်ဖိုးထားနိုင်ရေး ဆိုင်းဘုတ်တင်ထားရှိရန်၊ ကန်ဘောင်တစ်လျောက် စိမ်းလန်း စိုပြေစေရေး၊ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့် အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။