တောင်ငူ ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ညောင်လေးပင် ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၌ “အောင်နိုင်တိုး” မျိုးစေ့ထုတ်စိုက်ခြင်း (၂၀)ဧက အောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိ သည့် မျိုးကောင်းမျိုးသန့်များအား တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် တောင်သူ အချင်းချင်း ဖြန့်ဝေခြင်းများသည် မြို့နယ်အလိုက် အထွက်နှုန်းကောင်းမျိုးများ အလျင်အမြန်ဖူလုံစေမှာ ဖြစ်သည့်အတွက် အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ သွင်းအားစုများ ချီးမြှင့်ပေးအပ် ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက်၊ သရဖူဆန်စက်၌ ဒိုက်ဦးဒေသထွက် အရှည်(၂၄)ပေ၊ အကျယ်(၁၅)ပေ၊ (၂)ခန်းတွဲ ဒေသထုတ်စပါးအခြောက်ခံစက် တပ်ဆင် ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒိုက်ဦးဒေသသည် (၃)သီးစိုက်ဧကများပြီး စပါးအများဆုံးစိုက်ပျိုးသည့် ဒေသ ဖြစ်၍ (၃)သီးစိုက်ပျိုးသည့် ကျေးရွာအုပ်စုအလိုက် ဒေသထုတ်စပါးအခြောက်ခံစက်များ တပ်ဆင်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၂၀၀)၊ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း၌ စုပေါင်းမြေဩဇာကြဲပတ်နေမှုနှင့် မျိုးကွဲနှုတ်ပယ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး မိုးစပါးနှင့် ဆောင်းသီးနှံပဲ စိုက်ပျိုးပြီးစီးပါက သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် နွေစပါးထပ်မံစိုက်ပျိုးနိုင်ရေး ရေပေးမြောင်းများ တူးဖော်ပေးရန်နှင့် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ မျိုးစေ့ထုတ်စိုက်တောင်သူများအား သွင်းအားစုများ ချီးမြှင့် ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ၌ ဦးခင်မောင်တင့် ၏ တန်(၁၀၀)ကျ ဆန်စက်နှင့် စပါးတင်း(၂၀၀၀)ဆံ့ အခြောက်ခံစက် လည်ပတ်နေမှုတို့အား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကာ နိုင်ငံတကာအဆင့်မီ ထုပ်ပိုးနိုင်ရေး၊ ဆန်မှထွက်ရှိ လာသည့် ဖွဲနုနှင့် ဖွဲကြမ်းများအား ဒေသတွင်းမွေးမြူရေးလုပ်ငန်းရှင်များသို့ တိုက်ရိုက်ရောင်းချသွားနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရား ကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင် ဦးကျော်ညွန့်၏ ဥစားဘဲကောင်ရေ(၂၀၀၀)အား စပါးခင်းများ အတွင်း ကွင်းစာဖြင့် မွေးမြူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စပါးခင်းအတွင်း ကျရောက်တတ်သည့် ရွှေခရု နှင့် အခြားပိုးမွှားများ အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်အပြင် ဥစားသုံးမှုဖူလုံစေရေး တစ်ဘက်တစ်လမ်း မှ အထောက်အကူရသည့် မွေးမြူရေးလုပ်ငန်းဖြစ်၍ စပါးစိုက်တောင်သူများကိုယ်တိုင် အစုအဖွဲ့စနစ်ဖြင့် ဘဲမွေးမြူရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဦးဝင်းဇော်လတ်၏ ဒေသကျွဲ ကောင်ရေ(၆၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး နို့စားကျွဲမျိုးကောင်းများဖြင့် မေထုန်မဲ့သားစပ်၍ မျိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် နေဗီယာမြက်စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။