ပဲခူး စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဗလခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရဲမှုထမ်းဟောင်းအဖွဲ့၏ ရည်မှန်းချက် (၄)ခုနှင့် လုပ်ငန်းစဉ်(၆)ရပ်အား တသွေမတိမ်း လိုက်နာဆောင်ရွက်သွားကြဖို့ အထူးမှာကြားလိုကြောင်း၊
ရဲမှုထမ်းဟောင်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အရန်အင်အားတစ်ရပ်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်ဖွဲ့ အပေါ် သစ္စာရှိစွာဖြင့် မြို့၊ ရပ်/ရွာ လုံခြုံအေးချမ်းသာယာစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကိုယ်စွမ်းနိုင်သလောက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပါဝင်ကူညီသွားကြရမှာဖြစ်ကြောင်းနှင့် ရဲမှုထမ်းဟောင်း မိသားစုဝင်များအတွက်လည်း လိုအပ်သည်များကို ဘက်ပေါင်းစုံမှ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရဲမှုထမ်းဟောင်းများ အတွက် တစ်ဦးလျှင် အခြေခံစားသုံးကုန် ဆန်(၁)အိတ်နှင့်ဆီ(၁)ပိဿာကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ရဲမှုထမ်းဟောင်းမိသားစုရန်ပုံငွေအတွက် ငွေကျပ်သိန်း(၂၀)အား ပေးအပ်ချီးမြှင့် ခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ရဲမှုထမ်းဟောင်းကိုယ်စား ရဲမှုထမ်းဟောင်းတစ်ဦးက ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရဲမှုထမ်းဟောင်းမိသားစုဝင်များအတွက် အခြေခံစားသုံးကုန်များ ပေးအပ် ခဲ့မှုနှင့် မိသားစုဝင်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာ ဘက်ပေါင်းစုံ ချီးမြှင့်ပေးအပ်နေမှုတို့ အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များက မြို့နယ်အလိုက် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်မျး တိုးချဲ့ဖွဲ့စည်းထားရှိမှုနှင့် ရဲဝန်ထမ်းဟောင်းမိသားစုဝင်များ၏ သက်သာချောင်ချိရေးဆိုင်ရာကိစ္စရပ်များ တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာ သည့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား တစ်ဦးချင်း လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကာ ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် အဝတ်အထည်များ ပေးအပ်းခဲ့ကြောင်း သတင်းရရှိသည်။