ပြည် စက်တင်ဘာ ၂၂
ပြည်မြို့၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ နဝင်းရဲရိပ်သာခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက မိသားစုများအား အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားရရှိရေး၊ တစ်ပိုင်တစ်ပိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာ နိုင်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ ဆပ်ပြာဆီအမျိုးမျိုး၊ မှန်ကြည်ဆေး၊ ကိုယ်တိုက်ဆပ်ပြာအမျိုးမျိုးနှင့် Body Scrub ထုတ်လုပ်သည့် နည်းပညာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမှာဖြစ်သည့်အပြင် သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်းစတင်ထူထောင်နိုင်ရေး လုပ်ငန်းအလိုက် စက်ပစ္စည်းများ အခမဲ့ချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လာ ကြသည့် မိသားစုများအနေဖြင့် သင်တန်းမှရရှိလာမည့် နည်းပညာရပ်များကို ပြန်လည်အသုံးပြုပြီး ဝင်ငွေတိုးတက်ရရှိရေးနှင့် အောင်မြင်သည့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစား သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းအတွက် သင်ထောက်ကူ ပစ္စည်းများ၊ သင်တန်းသူနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ သင်တန်း၌ သင်ကြားပေးသွားမည့် ထုတ်ကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသည် လက်တွေ့နယ်ပယ်အတွင်း နေ့စဉ် မရှိမဖြစ် အသုံးပြုနေရသည့် လူသုံးကုန်ပစ္စည်းများအား ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနှင့် MSMEs လုပ်ငန်းရှင်အသစ်များ ပေါ်ထွက်လာစေရေး ရဲတပ်ဖွဲ့ဝင်မိသားစု (၂၀)ဦးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။