တောင်ငူ ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ လ ၃ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ထန်းတောကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ် ဆန်းမွှေးစပါးများ သတ်မှတ်ဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးရေး ကြိုတင်ပျိုးထောင်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီးနောက် တောင်ငူ မြို့ရှောင် ရထားလမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ရာ စီမံကိန်းရှင်းလင်းဆောင်၌ မြန်မာ့ မီးရထားအင်ဂျင်နီယာဌာန တာဝန်ရှိသူတစ်ဦးက အကြိုအင်ဂျင်နီယာလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ တာဘောင်မြေကြီးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဘဏ္ဍာရေးနှစ်အလိုက် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ကေတုမတီမြို့ဟောင်း၊ ရှေ့ဟောင်းကျုံး မြောက်ဘက်ခြမ်း အရှည် ၁၄၃၀ပေ၊ အနံ ၁၀ ပေ ဆလံလျှောနံရံ လိပ်သဲကျောက်စီခြင်းလုပ်ငန်းခွင့် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်များအားလုံး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး တူးဖော်ထားရှိမှု၊ နွံကျုံးနှင့် မြို့ရိုးအကြား မြက်စိုက်ပျိုးနိုင်ရေးနှင့် မော်ကွန်းတံခါး၌ ရှေးဟောင်းမူလလက်ရာအတိုင်း ကျုံးကူးတံတား တည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသမိုင်းဆိုင်ရာ အထောက်အထားများ ပြန်လည်ဖော်ထုတ်ရာတွင် လုပ်ငန်းစဉ်အဆင့်ဆင့်တိုင်း စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရှေးဟောင်းဘုတ်တလုပ်ရေကန်နှင့် ဆက်စပ် အဆောက်အဦးများတူးဖော်နေမှု၊ ကေတုမတီမြို့ဟောင်း နန်းတော်ရာနေရာအား GPR စက်ဖြင့် သုတေသန ပြုတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ကေတုမတီရှေးဟောင်းကျုံးအနောက်တောင်ဘက် သစ်ရင်း တံခါးပေါက် အနီး၌ မြို့ရိုးတူးဖော်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းဧရိယာ နယ်နိမိတ် အတွင်း ကျုးကျော်မှုမရှိစေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ ဦးရဲဝင်း၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် Solar စနစ်ဖြင့် မြေပဲဆီစက် လည်ပတ်ထုတ်လုပ်နေမှု၊ ဆီစက်မှ ထွက်ရှိလာသည့် ပဲဖက်များအား ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့်ရောစပ်၍ တိရိစ္ဆာန်အစာ ထုတ်လုပ် နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့၊ ထီးနီကုန်းပန်းခြံတည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေယာရှုခင်း လှပသေသပ်အောင် ဆောင်ရွက်ရန်၊ လျှောက်လမ်းများ လမ်းချော်မှုမရှိစေရေး၊ မြက်ခင်းပြင်များ ညီညာစိမ်းစိုလှပစေရေးနှင့် ပန်းခြံအတွင်းပန်းရောင်စုံဖူးပွင့် ဝေဆာစေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website