Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ဒိုက်ဦး ဖေဖော်ဝါရီ ၅

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၌ သဘာဝရွက်ဖျန်းမြေဩဇာဖြင့် ပဲတီစိမ်းစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး ခဲ့ပြီး သဘာဝမြေဩဇာနှင့် သဘာဝရွက်ဖျန်းမြေဩဇာသုံးစွဲခြင်းအားဖြင့် ထွက်ရှိလာသည့် စိုက်ပျိုးရေး ထွက်ကုန်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်မှုရှိခြင်း၊ ကောင်းမွန်သည့် ဈေးကွက်ရရှိနိုင်ခြင်း၊ တောင်သူ တိုင်း တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် လျော့ချပေးနိုင်ခြင်းအပြင် အစားအစာဘေးကင်းလုံခြုံမှု ရှိသဖြင့် တောင်သူတိုင်း သဘာဝရွက်ဖျန်းမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး စဉ်ဆက်အပြတ် အသိပညာပေး ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးတင်ထွဋ်မြင့်မှ ဒေသထွက်အစာဖြင့် ဒေသကြက် ကောင်ရေ(၃၀၀၀)မွေးမြူထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး‌ ဒေသတွင်းအသားစားသုံးမှုဖူလုံ စေရေး၊ လူတိုင်းလိုအပ်သည့် အသားပမာဏအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဒေသကြက်တိုးချဲ့မွေးမြူရန်နှင့် ဒေသထွက်ကုန်ကြမ်း ပစ္စည်းများဖြင့် တိရိစ္ဆာန်အစာကိုယ်တိုင်ထုတ်လုပ် မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် TBL စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုအားပေး ခဲ့ပြီး ဆီထွက်သီးနှံနေကြာအား သတ်မှတ်ဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးဧကအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အုပ်စု၌ သဘာဝရွက်ဖျန်းမြေဩဇာအသုံးပြု၍ မြေပဲစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၅၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး (၃)သီးစိုက်နေရာများဖြစ်၍ နွေစပါးဒုတိယသီးနှံအတွက် ကြိုတင်ပျိုးထောင်ခြင်းများ ဆောင်ရွက်သွားရန်၊ တန်ဖိုးမြင့်ပေါ်ဆန်းမွှေးစပါးများ တစ်ကွင်းတစ်ဆက်တည်း သီးခြားစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။