တောင်ငူ မတ် ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တောင်ငူ ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီမြို့သစ်၊ နတ်သျှင်နောင်ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော “အညာ သားလေး” မုန့်ဖက်ခြောက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချနိုင်ရေးအတွက် စွန့်ပစ်စပါးခွံသုံးလျှပ်စစ်အားထုတ်စက် Gasifier သို့မဟုတ် Solar တပ်ဆင်သုံးစွဲ နိုင်ရေးနှင့် ပြည်ပပို့ကုန်အဆင့်ထိ တင်ပို့နိုင်ရေး ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ထီးလှိုင်ပန်းခြံနှင့် ကေတုမတီ ရှေးဟောင်းကျုံး မြောက်ဘက်နေရာ၌ ဆလံလျှောပြုလုပ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ရာ တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများအား တာဝန်ရှိသူများက အသီးသီးတင်ပြခဲ့ကြရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တောင်ငူမြို့နယ်၊ ကွင်းအမှတ်(၅၄၈/က)ရှိ တောင်သူ ဦးကျော်ထွန်း၏ နှံကောက်စပါးစိုက်ဧကများ၌ အစက်ချစနစ်ဖြင့် သဘာဝရွက်ဖျန်းမြေဩဇာအသုံးပြု၍ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သဘာဝရွက်ဖျန်းမြေဩဇာနှင့် သဘာဝမြေဩဇာသုံးစွဲခြင်းအားဖြင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျ စရိတ် သက်သာသည့်အပြင် ဩဂဲနစ်ဆန်အဖြစ် တန်ဖိုးမြှင့်ရောင်းချနိုင်မှာဖြစ်၍ ဒေသတွင်း ဩဂဲနစ်စိုက်ခင်း များ တိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာရှိ စွန့်ဦးတီထွင် မွေးမြူရေးလုပ်ငန်းရှင် ဦးစောအယ်ဒို၏ ယူနမ်မျိုးကြက် စမ်းသပ်မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့်မွေးမြူနိုင်ရေး၊ တိရစ္ဆာန်အစာကုန်ကျ စရိတ်သက်သာသည့် တိုင်းရင်းကြက်များ တိုးချဲ့မွေးမြူရန်နှင့် တိုင်းရင်းကြက်သားဖောက်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်၊ ပြည်-ပေါက်ခေါင်း ကားလမ်းအနီးရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ရေသိုးတမံ ပြုပြင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်/တမံများသည် စိုက်ပျိုးရေးလုပ်ငန်း၏ အဓိကပင်မအသက်သွေးကြော ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျခိုင်ခန့်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် မူလ ရေသိုလှောင်မှုအတိုင်း ရရှိစေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၄၄)ရှိ ခပေါင်းလက်ယာတူးမြောင်းကြီးဖြင့် နွေစပါး ရေပေးဝေနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေများ အလေ့အလွင့်မရှိစေရေးနှင့် တောင်သူကိုယ်တိုင် ပါဝင်သည့် ရေပေးဝေမှုစနစ်အား ကျင့်သုံးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် ဖြူးမြို့၊ သာသနာ့ဗိမာန် အဝင်မုခ်ဦး တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် မူလအုတ်တံတိုင်းများ၏ ကြံ့ခိုင်မှု အား ပြန်လည်စစ်ဆေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website