ပဲခူး နိုဝင်ဘာ ၁၆
==================================

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (ဧကာဒသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သက်များက နိုင်ငံတော်ဩဝါဒါစရိယ ပဲခူးမြို့၊ မြို့မ စာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်ချီးမြှင့်တော်မူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ကာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ သာမဏေကျော်စာသင်တိုက် ပဓာနနာယက (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ) ဒေါက်တာဘဒ္ဒန္တဝိစက္ခဏာလင်္ကာရာဘိဝံသ မထေရ်မြတ်ထံမှ ကထိန်အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြ သည်။
ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးကာ ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (ဧကာဒသမအကြိမ်) စုပေါင်း မဟာဘုံကထိန်အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများ စုပေါင်း၍ လှူဖွယ် ဝတ္ထုနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း(၂၈၀၄၅၀၀၀)ကျပ် လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website