ပဲခူး ဇွန် ၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)ကျောင်း အတွင်း/အပြင်၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်/ကျေးရွာများအတွင်း မိုးရာသီဖြစ်၍ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ရေမြောင်းများအတွင်း ခြင်၊ယင် ပေါက်ဖွား မှုမရှိစေရေး ဆေးဖြန်းခြင်းများ ဆောင်ရွက်သွားရန်၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသပ်ရပ်စေရေး၊ စိမ်းလန်းစိုပြေစေရေး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ အများနှင့်သက်ဆိုင်သည့် ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်း လမ်းဘေး(ဝဲ/ယာ)၊ ပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၏ ပေါင်းစုအားဖြင့် စုပေါင်းသန့်ရှင်း ရေး ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။