ပဲခူး ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇွန်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ဟံသာဝတီဗုဒ္ဓဂါယာ(ရွှေဂူကြီး)ဘုရားဝန်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေရေး၊ ပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စေရေး၊ ရေမြေထိန်းသိမ်းကာကွယ်ရေးနှင့် ပြည်သူများ အကြား သစ်တောသစ်ပင်များကို ချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာစေရေးတို့အတွက် နှစ်စဉ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သစ်တောသစ်ပင်များ တည်ရှိခြင်း သည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးဖြစ်စဉ်များကို လျော့ချပေးနိုင်မှာဖြစ်ကြောင်း၊ သစ်တောသစ်ပင်များသည် လူသားတို့ အသက်ရှင် ရပ်တည်နိုင်ရေး သဘာဝကပေးထားသည့် လေသန့်စင်စက်ကြီးများပင်ဖြစ်ကြောင်း၊ သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် လူသားအကျိုး စီးပွားအပြင် နောင်အနာဂတ်အတွက် ကောင်းမွန်သော လူ့မှုဘဝပတ်ဝန်းကျင်ကို ပုံဖော် ပေးခဲ့ခြင်းဖြစ်၍ စိုက်ပျိုးသည့် သစ်ပင်များအား တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ဖြင့် ပြုစုထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် သစ်ပင်များရှင်သန် ကြီးထွားလာမှုနှင့်အတူ ပဲခူးမြို့တော်ကြီးဟာလည်း Green City အဖြစ် ရောက်ရှိလာမှာ မလွဲဧကန်ပင်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများက သတ်မှတ်နေရာ အသီးသီး၌ ငုရွှေဝါ၊ ခရေ၊ ပန်းပိတောက်၊ ကံ့ကော်၊ စိန်ပန်းနီ၊ စိန်ပန်းဝါ၊ စိန်ပန်းပြာ၊ မယ်ဇယ်၊ ပျဉ်းမ စုစုပေါင်းသစ်ပင်(၁၅၀၀) စိုက်ပျိုးပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပဲခူးတက္ကသိုလ် ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ၏ သစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံ ကြည့်ရှုအားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီး၌ ၂၀၂၅ခုနှစ်၊ မေလမှစ၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဇွန်လနှင့်ဇူလိုင်လအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ သစ်ပင်ပေါင်း (၁၄)သိန်းကျော် စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သတင်းရှိရသည်။