ပဲခူး ဇွန် ၁၅

တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည် မီးငြှိမ်းသတ်ယာဉ်များနှင့် ရှာဖွေ ကယ်ဆယ်ရေးမီးသတ်ယာဉ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအား ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့် မီးငြိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးမီးသတ်ယာဉ်နှင့် မီးသတ်အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲသို့တက်ရောက်ခဲ့ရာ မီးသတ်ရေယာဉ်များနှင့်ပတ်သက်၍ အချက်အလက် များအား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက လိုက်လံရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်ယာဉ်များ ဝယ်ယူဖြည့်တင်းပေးခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် များ ပျက်စီးမှုမရှိစေရေး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မီးသတ်ယာဉ်များအား လိုအပ်သည့် ဒေသများသို့ ချက်ခြင်းခွဲဝေချထားပေးရန်နှင့် မီးသတ်ယာဉ်များ ခွဲဝေချထားပေးရာတွင် မြို့နယ်အလိုက် လူဦးရေ၊ အိမ်ခြေ၊ အိမ်ထောင်စုနှင့် မြို့တွင်းဝင်/ထွက်လမ်းကို အခြေခံပြီး မီးသတ်ယာဉ်အမျိုးအစားလိုက် ခွဲဝေချထားပေးရန်၊ မီးသတ်သမားများအား မီးသတ်ယာဉ်များနှင့် အကျွမ်းတဝင်ရှိစေရေး လေ့ကျင့်ခြင်း၊ စွမ်းရည်မြှင့် သင်တန်းများပို့ချပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်နှင့် နေ့စဉ် အချိန်ပြည့် ယာဉ်အသင့်၊ စက်အသင့်၊ လူအသင့်ဖြစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် 6×6 Fire Fighting Vehicle (Water 2800 Gal & Foam 900 Gal) မီးသတ်ယာဉ် (၁၀) စီး၊ (4×2) Fire Fighting & Rescue Vehicle (၂)စီး၊ အပေါ့စားမီးသတ်စက် (၃၀)လုံးနှင့် Chain Saw (၃၀)လုံးတို့အား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ သည်။ ၎င်းနောက် မီးသတ်ယာဉ်များမှ သရုပ်ပြမီးငြှိမ်းသတ်ခြင်းအား ပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ မီးငြှိမ်းသတ်ယာဉ် (၁၀) စီးအား ဒိုက်ဦး၊ ရေတာရှည်၊ ဖြူး၊ ပြည်၊ ပန်းတောင်း၊ သဲကုန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ လက်ပံတန်း မြို့နယ်များသို့ ဖြန့်ခွဲပေးသွားမည်ဖြစ်ကာ ရှာဖွေကယ်ဆယ် ရေးမီးသတ်ယာဉ်(၂)စီးအား ပဲခူးမြို့နယ်နှင့် သာယာဝတီခရိုင်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website