Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ပဲခူး ဇွန် ၂၀

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်/သီလရှင်များအား စာအောင်ဆုဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည်ညိုခဲ့သည်။

          ရှေးဦးစွာ ကြွရောက်လာကြသည့် ဆရာတော်ကြီးများ၊ စာအောင်သံဃာနှင့်သီလရှင်များ၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျေင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသီရိန္ဒအရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္စျာယ်တော်မူကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ ဖတ်ကြား လျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်ကြသည့် သံဃာတော်များနှင့် သီလရှင်(၂၉၅၆)ပါးတို့အတွက် ဘွဲ့တံဆိပ်တော်နှင့် စာအောင်ဆုများအား စာအောင် သံဃာများနှင့် တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် ပထမအကြိမ်မှ ဒွါဒသမအကြိမ်အထိ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပြိုင်ပွဲတွင်  ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ယဉ်ကျေးလိမ္မာဓမ္မစကူးလ်ကျောင်းများမှ ပထမဆုရရှိသူ(၃)ဦး၊ ဒုတိယဆုရရှိသူ(၅)ဦး၊ တတိယဆုရရှိသူ(၂)ဦး၊ စတုတ္ထဆုရရှိသူ(၄)ဦး၊ ပဉ္စမဆုရရှိသူ(၂)ဦးနှင့် ဆဌမဆုရရှိသူ(၂)ဦး စုစုပေါင်း ကျောင်းသား/သူ(၁၈)ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ထပ်မံဂုဏ်ပြု ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တ ဉေယျာဓမ္မာဘိဝံသ အရှင်သူမြတ် ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။ ၎င်းနောက် ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ် စာမေးပွဲတို့၌ ဓမ္မာစရိယ(ကျမ်းပြီး)(၁၈၅)ပါး၊ ဓမ္မာစရိယ(ကျမ်းစွဲ) (၄၇၄)ပါး၊ နိကာယ်(မဟာဝိဒူ)(၄)ပါး၊ နိကာနိကာယ်(ကျမ်းပြီး)(၂၆၅)ပါး၊ နိကာယ်(ကျမ်းစွဲ)(၆၂၈)ပါး၊ ပါဠိပထမပြန် (ပထမကြီးတန်း)(၁၇)ပါး၊ ပထမလတ်တန်း(၈၉)ပါး၊ ပထမငယ်တန်း(၂၇၄) ပါး၊ အခြေပြုမူလတန်း(၁၀၂၀)ပါး၊စုစုပေါင်း (၂၉၅၆)ပါး အောင်မြင်ခဲ့ကြသည့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာအောင်ဆုအလှူငွေ (၉၄၀၉၀၀၀၀/) ကျပ်(ကိုးရာလေးဆယ်သိန်း  ကိုးသောင်းတိတိ)အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။