ပဲခူး အောက်တိုဘာ ၁၁
ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်မျိုးဆက်သစ်လူငယ် များကို ပြုစုပျိုးထောင်ပေးသည့် ဆရာ/ဆရာမများအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် အလွန် အရေးကြီးပြီး သင်ကြားမှုအရည်အသွေး အစဉ်မြင့်မားစေရန် လိုအပ်မှာဖြစ်ကြောင်း၊ တက္ကသိုလ်များမှ စာစစ် အတွေ့အကြုံရှိသည့် ဆရာ/ဆရာများမှ စာမေးပွဲနှင့်ပတ်သက်သည့် မေးခွန်းပုံစံ၊ အမှတ်ပေးစည်းမျဉ်းများ နှင့်အညီ အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုပုံ ဖြေဆိုနည်းများကို ရှင်းလင်းဆွေးနွေး သင်ကြားပေးသွားမှာဖြစ်၍ မိမိတို့ တက်မြောက်ထားသည့် သင်ကြားမှုနည်းပညာများဖြင့် တိုင်းပြည်၏ဂုဏ်ကိုဆောင်နိုင်တဲ့ လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် မွေးထုတ်ပေးကြစေလိုကြောင်း ဩဝါဒအမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးများ၊ ပဲခူးတိုင်း ဒေသကြီးပညာရေး မှူးရုံးမှ ဒုတိညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ နှင့် ဘာသာရပ်သင်ဆရာ/မများ တက် ရောက်ကြခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ သည်၊၊ ၎င်းနောက် စာသင်ခန်းများအတွင်း ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပဲခူးမြို့၊ တောင်ငူမြို့နှင့် ပြည်မြို့တို့တွင် (၃)နေရာခွဲ၍ တိုင်းဒေသကြီးအတွင်းရှိ Grade 12 သင် ဆရာ/ ဆရာမ (၁၀၇၂)ဦးအား တက္ကသိုလ်အသီးသီးမှ ဆရာ၊ ဆရာမများက သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရ သည်။