Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၇

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မဟာတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲအား ယမန်နေ့၊ ညပိုင်းက ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရာ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်းသို့ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ၊ တိုင်းရင်းသား/သူများက ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ အလှမီးအိမ်များဖြင့် မီးစင်္ကြာလှည့်လည်၍ ပူဇော်ဝင်ရောက်လာခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အခမ်းနားပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ပဲခူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် မြို့မိ/မြို့ဖ ဦးဝင်းနိုင်တို့က တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်စာတန်း အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တစ်ဆက်တည်း “ပဲခူး” ဟု စာတန်းဖော်ထားသည့် ရောင်စုံမီးပုံးပျံ အသေး(၁၀၀၀)၊ စိန်နားပန်မီးပုံပျံအကြီး အစဉ်လိုက်(၆)လုံးတို့အား လွှတ်တင်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ  ပစ်ဖောက်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

           ပဲခူးမြို့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲသို့ လာရောက်ကြသည့် ဧည့်ပရိသတ်များအား နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် ပျော်ရွှင်စွာသီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ ဆုတောင်းပြည့် ရွှေမော်ဓောဘုရားဝန်း အတွင်းစည်ကားလျက်ရှိကြောင်းနှင့် ရွှေမော်ဓောဘုရား လမ်းတစ်လျှောက် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း လူသုံးကုန်အရောင်းဆိုင်များ၊ မုန့်ဈေးတန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ တေးဂီတဖျော်ဖြေခြင်းများ၊ ကလေးကစားကွင်းများ၊ အလှဓါတ်ပုံရိုက်ရန် Photo Booth များတွင် ပဲခူးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲသို့ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သတင်း ရရှိသည်။