ပဲခူး ဧပြီ ၁၃

ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားအား ဧပြီလ(၁၃)ရက်နေ့၊ နံနက်ပိုင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်္ကြန်ဟူသောစကားသည် ပါဋ္ဌိစကားမှ ဆင်းသက်လာပြီး ပြောင်းလဲခြင်း၊ ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရကြောင်း၊ မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန် အချိန်အခါတွင် အတာရေပတ်ဖြန်းပေးခြင်းဖြင့် အေးမြကြည်လင်ခြင်း၊ အညစ်အကြေးတို့ကို ဆေးကြော ခြင်းနှင့်အတူ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်ချစ်ခင်ခြင်း၊ စည်းလုံးညီညွှတ်ခြင်းကိုဖြစ်စေနိုင်ပြီး မြန်မာနိုင်ငံသား တို့၏ ရိုးရာဓလေ့ပွဲတော်များအနက် ထူးခြားလေးနက်မှုရှိသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ မဟာသင်္ကြန် ကာလအတွင်း ရေသဘင်ပွဲဆင်နွှဲရုံသာမဟုတ်ဘဲ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ သက်ကြီးရွယ်အိုများပြုစုခြင်း ပူဇော်ကန်တော့ခြင်း၊ စတုဒီသာအလှူဒါန များပြုလုပ်ခြင်းနှင့်အတူ ဇီဝိတ ဒါနအဖြစ် တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်းစသည့် စေတနာသဒ္ဓါတရား ပြည့်ဝစွာ ပြုလုပ်သည့်ဓလေ့ များလည်းပါဝင်ကြောင်း၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဆင်နွှဲရာတွင် ရိုးရိုးသားသား ပျော်ရွှင်မှုမျိုးသာဖြစ်စေ ရန်နှင့် ရိုးရာယဉ်ကျေးမှုကို ပျက်စေသည့် အပျက်သဘောမျိုး မဖြစ်စေအောင် ယနေ့လူငယ်များ ထိန်းသိမ်းကြရမှာဖြစ်ကြောင်း၊ ယခုလို ကျက်သရေ မင်္ဂလာရှိတဲ့ နှစ်သစ်ဦးအချိန်ကာလ အခါသမယမှာ ဖြတ်သန်းခဲ့ရတဲ့ နှစ်ဟောင်းမှ မကောင်းမှုများနှင့် စိတ်နှလုံးအညစ်အကြေးတို့ကို အတာရေနှင့်အတူ ဆေးကြောသန့်စင်နိုင်ကြပါစေကြောင်းနှင့် တိုင်းဒေသကြီးကောင်းကျိုးအတွက် အစိုးရနှင့်ပြည်သူ လက်တွဲ ညီညီဖြင့် လက်တွဲဆောင်ရွက်ကြစေလိုကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် မြို့မိ/မြို့ဖ တစ်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ယိမ်းအဖွဲ့များက “မြူမှောင်ဝေကင်း” “မန်းတောင်ရိပ်ခို” စသည့် သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြရာ ဝန်ကြီးချုပ်နှင့် ဇနီး တာဝန်ရှိသူများက တက်ရောက်လာသည့် ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည် နှင့် အတာသင်္ကြန်ရေ ပတ်ဖြန်းပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်အတူ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါး ယဉ်ကျေးမှုပွဲတော်၊ လဖက်ယဉ်ကျေးမှုပွဲတော်နှင့် စတုဒီသာကျွေးမွေးနေမှုတို့အား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
ယင်းနောက် ဖျော်ဖြေရေး ယိမ်းအဖွဲ့များ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေ ဧည့်ခံတင်ဆက် ခဲ့ပြီး နိုင်ငံကျော်အဆိုတော်များက ခေတ်ပေါ်တေးဂီတ အစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website