ပဲခူး ဧပြီ ၁၁
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)အား ပုံမှန်ဈေးနှုန်းအရ ၂ ဒဿမ ၈ ရာခိုင်နှုန်းတိုးတက်ရန်ရည်မှန်း ထားကြောင်းနှင့် လူတစ်ဦးချင်းစီ၏ ပျှမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးအား နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၃.၈၁၁ သန်း အကောင်အထည်ဖော်ရန် ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပသည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ တိုင်းဒေသကြီးအတွင်း သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများအား ရေးဆွဲ အတည်ပြုပြီး၍ တာဝန်ပေးအပ်ခြင်းကို သာမန်လုပ်ရိုးလုပ်စဉ် သဘောမထားဘဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သည့် လုပ်ငန်းတာဝန်များအဖြစ် ခံယူဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စီမံကိန်းပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စောင့်ကြည့်သုံးသပ်ခြင်းနှင့် ချင့်ချိန်ဆုံးဖြတ်တို့ဖြင့် လျာထားချက်အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆေင်ရွက်သွားရန်လိုအပ်ပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျသုံးစွဲနိုင်ရေး အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေအား ထိထိရောက်ရောက် အကျိုးရှိစွာသုံးစွဲနိုင်ရေး လွန်စွာအရေးကြီးပြီး ဆောင်ရွက်သည့်လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ ငလျင်ဒဏ် ခံနိုင်မှုရှိစေရေး၊ လုပ်ငန်းပမာဏနှင့် ညီမျှသည့် ဘဏ္ဍာငွေကြေးသုံးစွဲမှုဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခင်ဘဏ္ဍာရေး နှစ်အတွင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားနည်း ချက်၊ အားသာချက်များကို သုံးသပ်ပြီး ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များကို စိစစ်သုံးသပ်၍ တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် အောင် ပိုမိုကြိုးစားအားထုတ်လုပ်ဆောင်သွားကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသန္တရစီမံကိန်းရည်မှန်းချက်တွင် ပါဝင်သော လယ်ယာ ကဏ္ဍကြီးအတွက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးအားလည်းကောင်း၊ စက်မှုကဏ္ဍကြီးအတွက် တိုင်း ဒေသကြီးစက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးမှူးအားလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအတွက် တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးအားလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုစိမံကိန်း ရည်မှန်းချက် များအား ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပြည်၊ နတ်တလင်းနှင့် သာယာဝတီတို့မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများအား ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ကာ ကဏ္ဍအလိုက် စီမံကိန်းရည်မှန်း ချက်များကို လျာထားချက်ပြည့်မီကျော်လွန်ပြီး လက်တွေ့အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတွင် တိုးတက် မှုနှုန်းအနေဖြင့် ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီးတွင် ၃၇ ဒဿမ ၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၂၇ ဒဿမ ၄ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၃၅ ဒဿမ ၄ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းရည်မှန်းချက်များအပေါ် ၃.၉ တိုးတက်အောင် ရည်မှန်းထား သော်လည်း ဘဏ္ဍာနှစ်ကုန်တွင် ၄.၅ ရာခိုင်နှုန်းအထိ တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။