Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပဲခူးမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပဲခူးမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူး နိုဝင်ဘာ ၉

          ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ကျန်းမာရေးဝန်ထမ်း များသည် နိုဝင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ အင်းတကော်မြို့ ကျေးလက်ကျန်းမာရေးဌာန သို့သွားရောက်၍ ရဟန်း၊ရှင်၊လူ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ပဲခူးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အတူ ဆေးကုသမှုလာ ရောက်ခံယူကြသည့် ပြည်သူများအား အားပေးစကားပြောကြားကာ အထူးကုဆရာဝန်ကြီးများက ဘာသာရပ်အလိုက် ဆေးကုသပေးနေမှု့အား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မြို့ပြနှင့်ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံ နိုင်ရေးနှင့် ပြည်သူများ အသက်ရှည်အနာမဲ့စွာ နေထိုင်နိုင်ရေးအတွက် မြို့ပေါ်ဆေးရုံကြီးများမှ အထူးကုများ၊ သမားတော်ကြီးများပူးပေါင်းပါဝင်သည့် ဆရာဝန်ကြီးများဖြင့် ကျေးလက်ဒေသအထိ ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများအပြင် လိုအပ်သည့် ဆေးဝါးများအား အခမဲ့ပေးအပ်လျက်ရှိကြောင်းသိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဆေးကုသမှုလာရောက်ခံယူကြသည့် ရဟန်းရှင်လူပြည်သူ(၇၀၀)ဦးကျော်အား နေ့လည်စာထမင်းဗူးနှင့် ရေသန့်တို့အား လိုက်လံပေးအပ်ခဲ့ပြီး အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

          အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးရာတွင် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ အထွေထွေရောဂါသမားတော်၊ ခွဲစိတ်အထူးကု၊ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ နားနှာခေါင်းလည်ချောင်းအထူးကု၊ အကြော အဆစ်အထူးကု၊ ဓါတ်မှန်အထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ စိတ်ကျန်းမာရေးအထူးကု စသည့် ဘာသာရပ်

(၁၀)ခုမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက အင်းတကော်မြို့ ကျေးလက်ကျန်းမာ ရေးဌာန နယ်မြေအတွင်းရှိ ကျေးရွာများမှ ရဟန်း၊ ရှင်၊ လူ ပြည်သူစုစုပေါင်း (၇၀၀)ဦးကျော်အား ကျန်းမာရေး စစ်ဆေး ကုသမှုပြုလုပ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။