Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၆

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အိုဇုန်းလွှာသည် လေထု အတွင်း သဘာဝအလျောက်တည်ရှိသည့် အပြာရောင်ဖျော့ဖျော့ဓါတ်ငွေ့ဖြစ်ပြီး နေရောင်ခြည်မှလာသည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးထားသည့် အလွှာတစ်ခုဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိနိုင်ငံများသည် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာတာနဲ့အမျှ ခေတ်မီဆန်းသစ်သော လူ့အသုံးအဆောင်ပစ္စည်း များဖြစ်သည့် အအေးပေးစက်ပစ္စည်းများတွင် အိုဇုန်းလွှာကိုပျက်စီးစေသည့် ဒြပ်ပစ္စည်းများပါဝင်လျက်ရှိ သဖြင့် ကမ္ဘာ့ပူနွေးမှုညွှန်းကိန်းနိမ့်ပြီး အိုဇုန်းလွှာထိခိုက်မှုမရှိသော ဒြပ်ပစ္စည်းများအသုံးပြုထားသော ရေခဲ သေတ္တာ၊ လေအေးပေးစက်စသည့် အိမ်အသုံးအဆောင်ပစ္စည်းများကိုသာ ဝယ်ယူအသုံးပြုရမှာဖြစ်ကြောင်း၊ ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေသည့် ဓာတ်ငွေ့များကင်းဝေးစေရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးတို့မှတစ်ဆင့် ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်တွေအတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အပံ့ဖြစ်စေနိုင်မှာဖြစ်ကြောင်းနှင့် အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံနည်း ပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး ဆိုသည့်အတိုင်း ကမ္ဘာပူနွေးမှုအလားအလာမြင့်မားသည့် ဟိုက်ဒရိုဖလူရိုကာဗွန်(HCFCs) အမျိုးအစား အအေးပေးဒြပ်ပစ္စည်းများသုံးစွဲမှုကို လျှော့ချထိန်းချုပ်ရန် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပန်းချီ၊ ကာတွန်းနှင့် ဉာဏ်စမ်းမေးခွန်းဖြေဆိုမှုပြိုင်ပွဲတို့ တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် သဝဏ်လွှာဖတ်ကြားသည့် Video နှင့် အိုဇုန်းလွှာထိန်းသိမ်းရေး အသိပညာပေး Video Clip တို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဝန်ထမ်းများက ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စက်ပစ္စည်းများ၊ အသိပညာပေးစာအုပ် စာစောင်များ၊ ဆုရကျောင်းသား/သူများ၏ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သတင်းရရှိသည်။