မတ် ၂၉ ပဲခူး
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံသို့ Golden Sunshine Co., Ltd မှ ပဲခူးမြို့၌ ရေပေါ်ဆိုလာလျှပ်စစ်ဓါတ် အားပေးလုပ်ငန်းဆောင်ရွက်ရန် လာရောက်မိတ်ဆက် ရှင်းလင်းတင်ပြရာ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Golden Sunshine Co., Ltd ၏ ဒါရိုက်တာ ဦးကောင်းထက်ဝေယံက တရုတ်နိုင်ငံအခြေစိုက် CSEPDI Co., Ltd နှင့် အကျိုးတူပူးပေါင်း၍ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ပဲခူးမြို့၊ မဇင်းရေလှောင် တမံတွင် 100 MW ထုတ်လုပ်နိုင်သည့် ရေပေါ်ဆိုလာလျှပ်စစ်ဓါတ်အားပေးလုပ်ငန်း ဆောင်ရွက်ရန်နှင့် မဟာဓါတ်အားလိုင်းသို့ ပြန်လည်ပို့လွှတ်မည့် အစီအစဉ်အသေးစိတ်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၄၃)နိုင်ငံတွင် ဆိုလာလျှပ်စစ်ဓါတ်အားပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအား Video မှတ်တမ်းဖြင့် ပြသခဲ့သည်။
ထို့နောက် တင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ ရေပေးဝေနေမှု အခြေအနေများ၊ အနာဂတ်စီမံကိန်းများနှင့် လျှပ်စစ်ဓါတ်အားပို့လွှတ်ရောင်းချခြင်းဆိုင်ရာကိစ္စရပ်များအား အကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကာ ရေလှောင်တမံပေါင်း(၃၉)ခုရှိ၍ Floating Solar ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်သည့် အရင်းအမြစ်များပေါကြွယ်ဝကြောင်း၊ ပဲခူး မြို့နယ်တွင် ပြည်တွင်း/ပြည်ပ စက်မှုဇုံများ၊ စက်မှုနယ်မြေများရှိပြီး ဆိုလာစနစ်မှ လျှပ်စစ်ဓါတ်အား ထုတ်ယူ သုံးစွဲနိုင်ပါက နိုင်ငံတော်လျှပ်စစ်ဓါတ်အားသုံးစွဲမှုအတွက်လည်း အကျိုးရှိကြောင်း၊ ရေလှောင်တမံများတွင် Floating Solar ရေပေါ်ဆိုလာစနစ်ဖြစ်၍ ရေလှောင်တမံအတွင်း ရေငွေ့ပျံမှုလျော့နည်းကာ စိုက်ပျိုးရေပေးဝေမှုကို ထိခိုက်နိုင်မှုမရှိသည့်အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်၍ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုလည်း သက်သာစေနိုင်မှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပဲခူးမြို့၊ မဇင်းရေလှောင်တမံတွင် Floating Solar ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မည့် လုပ်ငန်းစီမံချက်အပေါ် ကြိုဆိုပါကြောင်းနှင့် လိုအပ် သည်များအား ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website