ပြည် နိုဝင်ဘာ ၁

ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မြန်မာပြည်(ပထမ)ဗုဒ္ဓမြတ်စွယ်တော် (၁၂၆)ကြိမ်မြောက်ပူဇော်မှု မင်္ဂလာအခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြတ်စွယ်တော်တိုက်အတွင်း ရှိ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်သည့် ပတ္တမြားစေတီအား မင်္ဂလာမဏ္ဍပ်အတွင်းရှိ ယာယီပလ္လင် တော်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူ များက မြတ်စွယ်တော်တိုက်အတွင်းရှိ မူလကြေးစေတီတော်၊ ရွှေကလပ်တော်၊ ရွှေစန္ဒကူးကြုတ်တော်နှင့် စိန်စေတီတော်တို့အား မင်္ဂလာမဏ္ဍပ်အတွင်းရှိ ယာယီပလ္လင်တော်ပေါ်သို့ အသီးသီးပင့်ဆောင်ပေးခဲ့ကြ သည်။
ထို့နောက် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံ မင်္ဂလာအခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပေးခဲ့ကြပြီး လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်၊ နိုင်ငံတော်ဩဝါဒါစရိယ ဘန္တဒ္ဒကုမာရ ဆရာတော်ကြီးထံမှ ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါသီလခံယူဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ နာယကဆရာတော်ကြီးများက ပတ္တမြားစေတီတော်မှ ဗုဒ္ဓမြတ်စွယ်တော် အား စိန်စေတီတော်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြရာ အနုပညာရှင်များက တေးထပ်၊ရတုလွှာတို့ဖြင့် သီဆို ပူဇော်ပေးခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ၎င်းနောက် ရွှေဆံတော်စေတီတော်မြတ်ကြီး မြတ်စွယ်တော်ဝေယျာဝစ္စအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးဆွေက ဗုဒ္ဓ မြတ်စွယ်တော် သမိုင်းအကျဉ်းအား ဖတ်ကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ကြွရောက်လာ သည့် ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လေးဆူ ဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်၊ ဘဒ္ဒန္တနေမိန္ဒထံမှ အနုမောဒနာတရားနားယူကြည်ညိုခဲ့ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ ကြပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ် အပူဇော်ခံ မင်္ဂလာအခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့ သည် ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက် ဖူးမြော်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website