ပြည် ဖေဖော်ဝါရီ ၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် ဆေးပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ အောင်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်။ မြတ်ကြီး ရင်ပြင်တော်ရှိ ပုညကာရဏ လေးထပ် ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက် ကြည်ညိုခဲ့သည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်မြို့၊ ရွာဘဲတောင်ပေါ်ကျောင်း ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရ ဆရာတော် အရှင်သူမြတ်ထံမှ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒစရိယဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆေးပစ္စည်း အလှူတော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် ပြည်မြို့၊ ရတနာမာန်အောင် တောရကျောင်း ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒ ဆရာတော်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် ဆေးပဌာန်း အောင်ပွဲအဖြစ် မဟာဂန္တဝင်တောရကျောင်းတိုက် စာချနာယကဆရာတော် အရှင်နန္ဓောဘာသ အရှင်သူမြတ်က အောင်ဂါထာတော် ရွတ်ဆိုပူဇော်ခဲ့ပြီး နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဆေးပဌာန်းအောင်ပွဲ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တာဝန်ရှိသူများက ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာကြီးတို့အား နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်မြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းအောင်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ ငွေကျပ် သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းအား ပြည်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင် ကျောင်း(၁၁)ကျောင်းတို့မှ ရဟန်း၊ သာမဏေ၊ သီလရှင် (၃၁၈၉)ပါးအား ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website