ပဲခူး မေ ၂၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူ ပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက္ကသိုလ်တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း၊ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများက အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်း ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ရာ၊ ကျောင်းသား/ ကျောင်းသူ ဝန်ထမ်းမိဘများ ကိုယ်စား ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အဆင့်မြင့်ပညာသင် ကျောင်းသား/သူ(၁၄)ဦး၊ အထက်တန်းပညာသင် ကျောင်းသား/ သူ(၂၃)ဦး၊ အလယ်တန်းပညာသင်ကျောင်းသား/သူ(၂၉)ဦး၊ မူလတန်းပညာသင် ကျောင်းသား/သူ (၆၆)ဦးနှင့် မူလတန်းကြို ပညာသင် ကျောင်းသား/သူ(၁၁)ဦး၊ စုစုပေါင်း ကျောင်းသား/သူ(၁၄၃)ဦးအတွက် ပညာသင်ဆုကြေး ငွေကျပ်(၁၇၀၆၀၀၀၀) ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။