Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်နေသဖြင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် အရေးကြီးကြောင်း ဝန်ကြီးချုပ်ပြောကြား

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်နေသဖြင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် အရေးကြီးကြောင်း ဝန်ကြီးချုပ်ပြောကြား

ပဲခူး ဇူလိုင် ၂၉

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်(၁၉)ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ အမြန်ပြန်လည်ဦးမော့လာစေ ရေးနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ တိုင်းဒေသကြီး အတွင်း ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှု လျော့ပါးလာခြင်းနှင့်အတူ ပဲခူးမြို့တစ် ခုတည်း နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုအနေဖြင့် ဇူလိုင်လအတွင်း Package Tour ခရီးစဉ်(၅) ကြိမ်၊ ထိုင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခဲ့ကြကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းအဆောက်ဦ၊ ကျုံး၊ မြို့ရိုးများအား ပြန်လည်အဆင့်မြှင့်တင်၍ ခရီးသွားနေရာ သစ်များဖော်ထုတ် ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေနေရာများ တည်ဆောက်ခြင်းနှင့်အတူ မြို့ပြသန့်ရှင်းသာယာလှပစေရေးကိုလည်း ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် ခရီးသွားဧည့်သည်များ၏ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိရေးနှင့် ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေ လိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဟိုတယ်လုပ်ငန်း လိုင်စင်အသစ် လျှောက်ထားလာမှု(၁)ခု၊ ခရီးလှည့်လည်ရေးကုမ္ပဏီ သက်တမ်းတိုး(၁)ခု၊ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း၊ ခရီးသွားဧည့်လမ်းညွှန်သက်တမ်းတိုးခြင်းနှင့် စက်တင်ဘာလ(၂၇)ရက်နေ့ ကမ္ဘာ့ခရီး သွားလုပ်ငန်း (World Tourism Day)တွင် နေပြည်တော်ပြခန်း၌ ခင်းကျင်းပြသသွားမည့် နမူနာပုံစံများ အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက တင်ပြချက်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။