Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ငါးရိက္ခာပြည့်စုံလုံလောက်မှုရှိစေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ခိုင်မာသည့်ဈေးကွက်တစ်ခုရရှိစေရေး ဆောင်ရွက်ပေးနိုင်ခဲ့

ငါးရိက္ခာပြည့်စုံလုံလောက်မှုရှိစေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ခိုင်မာသည့်ဈေးကွက်တစ်ခုရရှိစေရေး ဆောင်ရွက်ပေးနိုင်ခဲ့

သာယာဝတီ ဇွန် ၂၂

==========================

 တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအနီး မြစ်မခမြစ် သဘာဝရေပြင်၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တို်ငးဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မြစ်မခမြစ် သဘာဝရေပြင်အတွင်းသို့ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီးနှင့် ငါးမြစ်ချင်း ငါးကောင်ရေ(၃)သိန်းအား စုပေါင်းငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

အဆိုပါ မြစ်မခမြစ်အတွင်း ဒေသငါးမျိုး စိုက်ထည့်ပေးခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိစေသည့်အပြင် ဒေသတွင်း ငါးရိက္ခာပြည့်စုံလုံလောက်စေခြင်း၊ ရေနေသတ္တဝါများ၏ ဇီဝစနစ် ပြန်လည်ရှင်သန်စေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်မြောင်း၊ မြစ်ချောင်းများအတွင်း ယခုနှစ်၌ ငါးမျိုး(၁၂၄.၄)သိန်း ငါးမျိုးစိုက်ထည့်ရန် စီစဉ်ထားရှိပြီး သာယာဝတီခရိုင်အတွင်း ငါးမျိုးစုံ(၁၇)သိန်း ငါးမျိုးစိုက်ထည့်ရန် လျာထားလျက်ရှိကြောင်း သိရှိရသည်။

ထို့နောက် မြစ်မခမြစ်ဘေး၌ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဆီထွက်သီးနှံနေကြာ စမ်းသပ် စိုက်ခင်း(၄) ဧကနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဆီထွက်သီးနှံနေကြာ အား မြစ်ချောင်းဘေး မြေနုကျွန်းများတွင် အဓိကလျာထား စိုက်ပျိုးရန်၊ စားဖိုဆောင်သုံး ဟင်းသီး ဟင်းရွက်စိုက်ခင်းများအား သဘာဝမြေဩဇာအသုံးပြု၍ ဓာတုကင်းလွတ် ဩဂဲနစ်စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အသိပညာပေး ဆောင်ရွက်သွားရန်နှင့် ခိုင်မာသည့် ဈေးကွက်တစ်ခုရရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ဇရပ်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကလေးငယ်များ အေးချမ်းတည်ငြိမ် ပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာယီစာသင်ဆောင်(၁)ခု ဆောက်လုပ်ပေးရန်၊ ကလေး ကစားကွင်းတစ်ခု ဆောက်လုပ်ပေးရန်နှင့် ကလေးငယ်များ မိုးလုံလေလုံ ပညာသင်ကြားနိုင်ရေး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။