Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီးပွားဖြစ် မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

စီးပွားဖြစ် မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၂၉

=============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့၊ ကြူတောကန်ကျေးရွာ၌ တောင်သူပူးပေါင်းပါဝင်သော Basic Seed- Commercial Seed ဆင်းသုခ မျိုးစေ့ထုတ် စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသတွင်း မျိုးကောင်းမျိုးသန့်များ ဖူလုံစေရေးအတွက် ကျေးရွာများအလိုက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုး သွားရန်၊ မြို့နယ်အလိုက် မျိုးသန့်စင်စက်များဖြင့် တောင်သူလိုအပ်သည့် မျိုးသန့်မျိုးစေ့များဖြစ်စေရေး ပံ့ပိုး ကူညီဆောင်ရွက်ပေးရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ သုံးစွဲနိုင်ရေး မြေပြင်ကွင်းဆင်းအသိပညာပေးရန်နှင့် သီးနှံအလိုက် ရာသီဥတုပေါ်မူတည်၍ ကျရောက်တတ်သည့် ရောဂါနှင့် ပိုးမွှားခွဲခြားသိနိုင်စေရေးအတွက် တောင်သူအသိပညာပေး သင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊ ကျခတ်ဝါးရုံကျေးရွာ၌ စတင်စမ်းသပ်စိုက်ပျိုးလျက်ရှိသည့် ရွှေနံ့သာပေါ်ဆန်းမွှေး မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး တန်ဖိုးမြှင့်ဆန် စိုက်ပျိုးခြင်းအားဖြင့် ဒေသခံတောင်သူများ၏ အကျိုးစီးပွားပိုမိုဖြစ်ထွန်းစေနိုင်၍ တိုင်းဒေသကြီး မြေနမူနာစမ်းသပ်၍ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်ရန်၊ လယ်မြေများအား စနစ်တကျ မြေပြုပြင်ခြင်း၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ရေး အသိပညာပေးရန်၊ သီးနှံ အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး ကောက်ကွက်ပြည့်မီစွာ စိုက်ပျိုးသွားရန်၊ သဘာဝမြေဩဇာအား ပိုမိုသုံးစွဲနိုင်ရေးနှင့် ဆည်ရေသောက်ဧရိယာဖြစ်သော်လည်း ယခင်က တစ်နှစ်(၂)သီးသာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များ တင်ပြပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကြို့ပင်ကောက်မြို့၊ နွယ်ခွေရပ်ကွက်ရှိ ဦးဆန်းထူး၏ စပါးခွံပြာဖြင့် ဆပ်ပြာကုန်ကြမ်း (Sodium Cilicate)(ဆိုဒီယမ် ဆီလီကိတ်) ထုတ်လုပ်သည့် အလုပ်ရုံသို့ သွားရောက်ခဲ့ပြီး ဆပ်ပြာကုန်ချောအဆင့်ထိ တိုးတက်ထုတ်လုပ်နိုင်ရေး လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးရန်၊ အလုပ်ရုံမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများသည် စိုက်ပျိုးရေးလုပ်ငန်းအတွက် အလွန်အကျိုးရှိ သဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ကုန်ချောအဆင့်ထိ တိုးတက်ထုတ်လုပ်နိုင်ရေး လိုအပ်သည့် အရင်းအနှီးအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူဆောင်ရွက်နိုင်ရေး တင်ပြရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အုတ်ဖိုမြို့၊ မိုးညိုတန်လမ်းရှိ ဦးအောင်ကြည်စိုး၏ တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးအလုပ်ရုံသို့ ရောက်ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ် ထုတ်လုပ်လျက်ရှိသည့် အသေးစားလက်ဆွဲကောက်စိုက်စက် ထုတ်လုပ်နေ မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့် နည်းပညာနှင့် စက်ပစ္စည်းအစိတ်အပိုင်းများအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။