Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတို့၏ လှူဒါန်းပူဇော်မှုဖြင့် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စကျင်ကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်းပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတို့၏ လှူဒါန်းပူဇော်မှုဖြင့် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စကျင်ကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်းပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၇

          ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏  ဂေါပကရုံး၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ရင်ပြင်တော်ပေါ်တွင် နေပူခံစကျင်ကေျာက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်း ပေးအပ်ခြင်း မင်္ဂလာအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အခမ်းအနား တက်ရောက်လာကြသူ များက “နမောတဿ” သုံးကြိတ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် ပဲခူးမြို့၏ကျက်သရေဆောင်တစ်ခုဖြစ်ပြီး ပဲခူးမြို့နှင့် ရွှေမော်ဓောစေတီတော်သည် ခွဲခြား၍မရကြောင်း၊ မြန်မာနိုင်ငံတွင် ဉာဏ်တော်အမြင့်ဆုံးစေတီတော်ကြီးတစ်ခုဖြစ်ကာ ဘုရားဖူးလာပြည်သူများဖြင့် နေ့စဉ် မပြတ်စည်ကားလျက်ရှိကြောင်း၊ ယခင်ကာလများတွင် နေ့ခင်းဘက်၌ ဘုရားဖူးလာပြည်သူများအနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ကြွေပြားများကြောင့် အပူဒဏ်ကိုခံစားခဲ့ရပြီး ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတို့၏ လှူဒါန်းပူဇော်မှုဖြင့် ပဲခူးမြို့၊ ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ နေပူခံစကျင်ကျောက်ပြားခင်းခြင်းလုပ်ငန်းဆောင်ရွက်ပေး ခဲ့မှုကြောင့် ဘုရားဖူးလာပြည်သူများ နေ့ရောညပါ စိတ်အေးချမ်းသာစွာ ဖူးမြှော်နိုင်တော့မှာဖြစ်ကြောင်း၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ နေပူခံစကျင်ကျောက်ပြားခင်းခြင်းသည် ရာသက်ပန် ကုသိုလ်ရသည့်လုပ်ငန်းဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲစေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွား ရမှာဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများကိုယ်စား တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတို့အား ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ နေပူခံ စကျင်ကျောက်ပြား ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အမှတ်(၉၆၃)ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ)မှ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာမောင် က ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံသို့ အမှတ်(၉၆၃)ဆောက်လုပ်ရေး တပ်ခွဲ(အင်ဂျင်နီယာ)မှ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာမောင်နှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု မှတ်တမ်းအား လွှဲပြောင်းပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည် ပေးအပ်ခဲ့သည်။ ၎င်းနောက် ဂေါပကအဖွဲ့ဝင် ဦးရဲထွန်းက ဘုရားဖူးလာပြည်သူများကိုယ်စား ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”  သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်း ခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၉၆၃)ဆောက်လုပ်ရေး တပ်ခွဲ(အင်ဂျင်နီယာ)မှ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာမောင်နှင့် တာဝန်ရှိသူတို့က ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ နေပူခံ စကျင်ကျောက်ပြားခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။