Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝများ မြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝများ မြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၂၈

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝများ မြှင့်တင်ပေး နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်၊ မြို့လယ်လမ်းလွှဲ သစ်သားတံတား ရေတိုက်စား မှုကြောင့် ပြိုကျပျက်စီးခဲ့မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပြီး ဒေသခံ ပြည်သူများအတွက် အရေးပါသည့် စစ်တောင်းတူးမြောင်းဖြတ်သန်းသည့် တံတားဖြစ်၍ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးနှင့် ဗေဒါပင်များ၊ ဒိုက်ပင်များအား ရှင်းလင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဈေးပိုင်းရပ်ကွက်၊ ဇဗ္ဗူရစ်လမ်းဘေး အရှည်(၇၇၀)ပေ၊ အကျယ်(၃)ပေ၊ အနက်(၄)ပေ အုတ်ရေမြောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန်စေရေး မြေပြင်အနိမ့်အမြင့် သေချာတွက်ချက်၍ စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့ သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာရှိ ဆင်းသုခ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း(၂၂)ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဆန်စက်ကြီးများ၊ ကုမ္ပဏီများနှင့်ချိတ်ဆက်၍ တောင်သူအကျိုးပြု Contract Farming များ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် သနပ်ပင်မြို့၊ မြို့ရှောင်လမ်းနှင့် ဖရဲကျေးရွာ ချိတ်ဆက်သည့် လမ်းပိုင်းအား ပြန်လည်ချဲ့ပေးနိုင်ရေးနှင့် လမ်းပုခုံးသားများ အမာခံရရှိရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ဖရဲကျေးရွာ အတွင်း ကျေးရွာလူထုစီမံကိန်း (Cash For Work) ဖြင့် ဆောင်ရွက် လျက်ရှိသော သောက်သုံးရေကန် ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေရာသီ ရေခမ်းခြောက်မှုမရှိစေရေး၊ ရေငွေ့ပျံမှုနည်းပါးစေရေး ရေကန်ပတ်လည်တွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ကျေးရွာအတွင်း ငါးအဆီပေါင်းခြောက် ထုတ်လုပ်နေမှုအား ကြည့်ရှုခဲ့ကာ လိုအပ်သောနည်းပညာများ ပံ့ပိုးပေးနိုင်ရေးနှင့် ခိုင်မာသည့်ဈေးကွက်တစ်ခုရရှိစေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု ဖြင့် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများနှင့် မသန်စွမ်းများ သက်တောင့်သက်သာဖြင့် ဘုရားဖူးမြော်နိုင်ရေး ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး အနောက်ဘက်မုခ်၌ ရွေ့လျားစက်လှေကား (၈၀)ရာခိုင်နှုန်း တပ်ဆင်ပြီးစီးနေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် အနောက်ဘက်မုခ် မျက်နှာကျက်များ ပြန်လည်ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။