Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေတိဂုံလေး စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွတ်တင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေတိဂုံလေး စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွတ်တင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၂

===========

မေလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေတိဂုံလေးစေတီတော် မြတ်ကြီး အထွတ်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေတိဂုံလေးစေတီတော်မြတ်ကြီး အထွတ်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနားအား  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော ဧည့်ပရိတ်သတ်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာန နာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယမဟာထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲများအား ဆရာတော် များထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး စေတီတော်ကြီး၏ ဝတ္ထုကံနယ်မြေအတွင်း ပတ်ဖျန်းကြဲဖြန့် ချည်နှောင်ခဲ့ ကြသည်။

ထို့နောက် ကြွရောက်လာသည့် ဆရာတော်များက မေတ္တာသုတ်ပရိတ်တရားများ ရွတ်ပွါးသရဇျယ်တော် မူခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အလှူရှင်များက ဆရာတော်များထံ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ တိပိဋကဓရ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဣန္ဒာစရာလင်္ကာရာ ဘိဝံသ ဆရာတော်ထံမှ အနုမောဒနာတရား နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြကာ အခမ်းအနားမှူးက တောင်းပန်လွှာစာတမ်းအား ဖတ်ကြားခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များအား မင်္ဂလာဝေါယာဉ်ဖြင့် စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ ကြသည်။ ၎င်းနောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များအား  ပရိတ်နံ့သာရည်များဖြင့် ပတ်ဖျန်း ပူဇော်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များအား စေတီတော်ကြီးအထွတ်သို့ မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် ကြွရောက်လာသည့် ဆရာတော်ကြီးများက “ဇယန္တော ဗောဓိယာလေမူလေ” အစချီသော ဇယမင်္ဂလာ အောင်ဂါထာတော်များအား ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေတိဂုံလေးစေတီတော်မြတ်ကြီး၏ အထွတ်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနား အောင်ပွဲအထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာ ရွှေမိုးငွေမိုး ရွာသွန်းဖြိုးပေးခဲ့ကြသည်။

            ဆက်လက်၍ ကြွရောက်လာသည့် ဆရာတော်ကြီးများက ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေတိဂုံလေးစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။