Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍဘက်စုံ မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍဘက်စုံ မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး မေ ၂၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးကဏ္ဍဘက်စုံ မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတော ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မြေဧရိယာ(၁၃၅)ဧက နွေနှမ်း ဆင်းရတနာ(၃) အထူးဇုန်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသကြက် မွေးမြူရေးနှင့် နို့စားနွားမွေးမြူနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တစ်နှစ် (၂) သီးစိုက်ဧကများတွင် တစ်နှစ်(၃)သီး သီးထပ်စွမ်းအား တိုးတက်စေရေးအတွက် ဆည်ကြီးကုန်း ရေပိုလွှဲ ပြုပြင်ခြင်း၊ ရေထုတ်ပြွန် အဆင့်မြှင့်တင်ခြင်းနှင့် ရေပေးမြောင်း အရှည်(၇၅၀၀)ပေ ပြန်လည်တူးဖော်ခြင်း တို့အား ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၌ YSR-1(Yezin Super Rice) စံပြမျိုးစေ့ထုတ်စိုက်ခင်းသို့သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူ များနှင့်တွေ့ဆုံ၍ ယခုစိုက်ပျိုးသည့် YSR-1 သည် တစ်ဧက တင်း(၁၄၀)မှ (၁၅၀)အထိ ထွက်ရှိခြင်း၊ စားသုံးမှု ကောင်းမွန်ခြင်း၊ ဆန်သားကြည်၍ ဆန်လုံးရှည်သွယ်ခြင်း၊ ဂုတ်ကျိုးရောဂါဒဏ်ခံနိုင်ခြင်း၊ ဖြုတ်ညိုပိုးဒဏ်ခံနိုင်ခြင်း၊ မြေဩဇာတုံ့ပြန်မှုကောင်းမွန်ခြင်းနှင့် ပြည်တွင်း /ပြည်ပ ဈေးကွက်ဝင်သဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး အသိပညာပေးပြောကြားခဲ့ကာ မိုးစပါး စိုက်ရာသီတွင် မျိုးစပါးလုံလောက်မှုရှိစေရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ နတ်ပုတီး ကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဦးဝင်းမြင့်သိန်း၏ သပြေအထူးချုပ်ဖိနပ်အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဖိနပ်အောက်ခံ ရာဘာ ပြားများအား ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ရာဘာကိုအသုံးပြု၍ ရာဘာသားရေပြား ထုတ်လုပ် ခြင်းနည်းပညာရရှိရေး၊ ပြည်တွင်းဈေးကွက် ကျယ်ပြန့်စွာရရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့နယ်၊ ရွာသာကျေးရွာရှိ ဦဂကျော်မင်းထွန်း၏ မင်းခန့်ကျော်ခြွေလှေ့စက်အမျိုးမျိုး ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာသို့ ပြောင်းလဲနေချိန်ဖြစ်၍ ရိတ်သိမ်းခြွေလှေ့စက်များ အပြင် တန်ဖိုးသင့်အစေ့ချစက်များ၊ ဆေးဖြန်းစက်များအပြင် တောင်သူတစ်ပိုင်တစ်နိုင် လွယ်ကူစွာအသုံးပြု နိုင်သည့် ဘက်စုံသုံးအသေးစား ထွန်ယက်စက်များ စွန့်ဦးတီထွင်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး အလုပ်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လင်းလွန်ပင်ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် Mobile Solar ရေတင်စနစ်ဖြင့် စားဖိုဆောင်သီးနှံ တစ်ကွင်းတစ်ဆက်တည်း (၅၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် မင်းလှမြို့၊ ရွှေဝါမြိုင်သစ်တောပျိုးဥယျာဉ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင် စိုက်ပျိုးနိုင်ရေး အရိပ်ရသီးပင်စားပင် အပင်ရေ(၅)သိန်းကျော် ပျိုးထောင်ထားရှိမှုနှင့် ရိုဘက်စတာကော်ဖီ ပျိုးထောင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရာသီဥတုဖောက်ပြန်မှုကို သစ်ပင်စိုက်ပျိုးခြင်းမှသာ အကောင်းဆုံးကာကွယ်နိုင်မည်ဖြစ်၍ ကျေးရွာများ၊ ကျေးလက်လမ်းများ၊ ဆည်တမံ ရေဝင်ရေလွဲတောင်ပေါ် များတွင်လည်း စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။