ပဲခူး ဩဂုတ် ၁၇
ပြည်မြို့နယ်၊ မှော်စာရွာကျေးရွာ၌ “တက်နေထွန်း”ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့၊ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေး ရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က“တက်နေထွန်း” စာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သုတ/ရသ စာအုပ်စာဆောင်များ နှင့် အလှူငွေကျပ်သိန်း(၃၀)ပေးအပ်ခဲ့ကာ မျိုးဆက်သစ် လူငယ်များ၊ ကျောင်းသား/သူများ စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွား၍ လိမ္မာယဉ်ကျေးသည့် လူတော်လူကောင်းများဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်၍ လူငယ်များစာကြည့်တိုက်သို့ လာရောက်စေရေး အလေးထားစည်းရုံး ဆောင်ရွက်ရန်နှင့် စာကြည့်တိုက်အား ပိတ်ရက်မရှိဖွင့်လှစ်ပေးထားရန် စာကြည့်တိုက်ကော်မတီဝင်များ အား လမ်းညွှန်မှာကြားခဲ့သည်။၎င်းနောက် စာကြည့်တိုက် ဖွင့်ပွဲတွင် လာရောက်ဖျော်ဖြေခဲ့သည့် ဘင်ခရာ၊ ပန်းပွားနှင့် ဒိုးပတ်အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ လက်သည်းရေကန်(ခ)သုံးပန်လှကျောင်းဝန်းအတွင်းရှိ နှစ်ထပ်အုတ်ကျောင်းဆောင်အား ရှေးမူ မပျက် ပြန်လည်ပြုပြင်မွမ်းမံနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးယခင်အတိုင်း မြန်မာမှု လက်ရာများ ဖြင့် ရှေးဟောင်းအဆောက်အဦများ ပြန်လည်ပြင်ဆင်ရာတွင် ခိုင်ခန့်မှုရှိရန်လည်း ဦးစားပေးဆောင်ရွက် သွားရမှာဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း နှင့် အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ပြင်ဆင်လျက်ရှိသည့် နှစ်ထပ်အုတ်ကျောင်းအား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် သရေခေတ္တရာပျူမြို့ဟောင်းအတွင်းရှိ ကြက်တူရွေးတောင်၌ မျှော်စင်တည်ဆောက်ထားမှုအား ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မျှော်စင် ပတ်ဝန်းကျင်၌ သဘာဝသစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်တစ်ခုထားရှိရန်၊ တောင်အတက်/အဆင်းလမ်းများ ကောင်းမွန်မှုရှိစေရေးဆောင်ရွက်ရန်၊ မျှော်စင်၌တင်ဆင်ထားသည့် လှေကားများ ပြန်လည်ပြင်ဆင်ရန်နှင့် ပျူမြို့ဟောင်းအတွင်းရှိ အထင်ကရနေရာများအား မျှော်စင်မှ မြင်တွေ့နိုင်သည့် ပုံစံငယ်နှင့် မြေပုံလမ်းညွှန်များထားရှိရန် တာဝန်ရှိသူများအား လမ်းညွန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စုနှင့် မှုတ်ရှည်ကျေးရွာအုပ်စုတို့၌ ပြည်ပပို့ကုန်ရည်မှန်း၍ သရက်ဇုန်ဖော်ဆောင် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ခွင့်ပြုပေးထားသည့်ဧကများအတိုင်း သတ်မှတ်ကာလအမှီ တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးသွားရန်၊ သရက်စိုက်ပျိုးသည့်ခြံများတွင် မိသားစုဝင်ငွေ တိုးတက်စေရေး သီးညှပ်အား ရာသီသီးနှံ နှင့် ပဲစဉ်းငုံများ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။