Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဧပြီ ၄

==================

             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း အေးချမ်းတည်ငြိမ် လုံခြုံစွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေး ချမ်းသာစွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ရာ မြို့နယ်ပညာရေးမှူးမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မသမာမှုကင်းရှင်းစွာ ဖြေဆိုနိုင်ရေး၊ စည်းကမ်းပြည့်ဝ၍ တည်ငြိမ်အေးချမ်း ချောမွေ့အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးနှင့် ရှေ့နှစ်ကျောင်းဖွင့်ရာသီအမီ ကလေးကစားကွင်းတစ်ခု တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ စာရင်းရှိ (၂၉၈၅၄)ဦးရှိပြီး စာစစ်ဌာန (၁၁၉)ခုတွင် အေးချမ်းတည်ငြိမ် လုံခြုံစွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် တိုင်းဒေသကြီး အားကစားကွင်း တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဝေနှင်းဦးက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ နှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်ဒီဇိုင်းများနှင့် အသုံးပြုသည့် ပစ္စည်းတစ်ခုချင်း၏ အရည်အသွေးကို အထူးအလေး ထားရန်၊ မြေပြင်အောက်သို့ ထည့်သွင်းရမည့် ရေပိုက်များ၊ လျှပ်စစ်ပစ္စည်းများကိုလည်း စနစ်တကျ ဆောင်ရွက်ကြရန်၊ တည်ဆောက်ရေး ကာလအတွင်း အခက်အခဲရှိပါက တင်ပြပေးရန်နှင့် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအားကစားကွင်းအား ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ မြေဧရိယာ(၂၈.၇၉)ဧကတွင် တည်ဆောက်ခြင်းဖြစ်ပြီး ဘဏ္ဍာနှစ်အလိုက် အနောက်ဘက်အထူးတန်းပွဲကြည့်စင်၊ အရှေ့ဘက်အထူး တန်းပွဲကြည့်စင်၊ (၂၀၀x၁၃၀)ပေ အားကစားရုံ၊ (၄၀၀x၂၀)ပေ ရေကူးကန်၊ အားကစားသမားအိပ်ဆောင်၊ စားရိပ်သာ၊ ရုံးအဆောက်ဦနှင့် ဝန်ထမ်းအိမ်ရာများ ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။