Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်မြို့၌ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်မြို့၌ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည် ဩဂုတ် ၁

          ပြည်ဘူတာ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပြီ လမ်းတစ်လျှောက် ဒေသခံပြည်သူများက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်မြို့သည် ပဲခူးတိုင်းဒေသကြီး၏ ဒုတိယမြို့တော်တစ်ခုဖြစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှု လက်မှုလုပ်ငန်းများ ဖြစ်ထွန်းတိုးတက်လျက်ရှိသည့် မြို့ကြီးတစ်ခုဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတော်အစိုးရသစ်မှ ရက် (၁၀၀)စီမံချက်ဖြင့် ရန်ကုန်-ပြည် ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပြီးစီးခဲ့၍ အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲ ပေးခြင်းဖြစ်ရာ ပြည်သူများအနေဖြင့် ခရီးသွားလာရ လွယ်ကူအဆင်ပြေခြင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ခြင်း တို့ကြောင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူ များအနေဖြင့် နိုင်ငံတော်က ဘဏ္ဍာငွေ အမြောက်အများကျခံသုံးစွဲ၍ အဆင့်မြှင့်တင်ပေးထားပြီးဖြစ်သည့် ရတာလမ်းနှင့် ခေတ်မီရထားတွဲဆိုင်းအသစ်ကြီးများကို အစဉ်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်ထိန်းသိမ်းစောင့် ရှောက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ရန်ကုန်-ပြည် ရထားလမ်း ပိုင်းအဆင့်မြှင့်တင်ပေးနိုင်ခဲ့ခြင်းနှင့် အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များ ပြေးဆွဲပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများက ခေတ်မီ DEMU ရထားတွဲဆိုင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စတင်ထွက်ခွာမည့် ခေတ်မီ DEMU ရထားစက်ခေါင်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရထားပေါ်လိုက်ပါလာသည့် ခရီးသွားပြည်သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးခေတ်မီ DEMU ရထား အမှတ် (၇၄)အစုန်ရထား ထွက်ခွာမှုအား လက်ပြနှုတ်ဆက်ခဲ့ကြသည်။

          အဆိုပါ ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ များ၊ ဒေသခံပြည်သူများ၊ ခရီးသွားဧည့်သည် စုစုပေါင်း(၃၈၀၀)ကျော်အား စတုဒီသာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။