ပဲခူး ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ ခင်းကျင်ပြသမည့် ထုတ်ကုန် ပစ္စည်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဒေသ ထွက်ကုန်များ လာရောက်ခင်းကျင်းပြသပွဲများ ကျင်းပသွားမှာဖြစ်ကြောင်း၊ ယခင်လို အရောင်းပြ ခန်းများဖြင့် ပြသရောင်းချခြင်းအပြင် ပြိုင်ပွဲပါထည့်သွင်းဆောင်ရွက်မည်ဖြစ်၍ သမရိုးကျခင်းကျင်းပပြခြင်းအပြင် အဆင့်တန်းပြည့်မီစွာ ပြိုင်ပွဲဝင်နိုင်ရေး အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒေသထွက်ကုန် အမယ်သစ်များ ဖော်ထုတ်ခြင်း၊ MSME လုပ်ငန်းရှင်သစ်များ ဖော်ထုတ်ခြင်းကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုပြပွဲပြိုင်ပွဲသည် ဈေးကွက်သစ်များရှာဖွေခြင်းအပြင် ထုတ်ပိုးမှု နည်းပညာများလည်း ရရှိနိုင်မှာဖြစ်၍ ဒေသထွက်ကုန်လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ပြသသွား ရမှာဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းမှ စတင်ထုတ်လုပ်ခဲ့သည့် လက်ဆွဲကောက်စိုက်စက်၊ လူစီးနင်းလိုက်ပါ နိုင်သည့် တန်ဖိုးသင့်ကောက်စိုက်စက်၊ ဆေးဖျန်းစက်နှင့် ဘက်စုံသုံးအစေ့ချစက်များနှင့် စပါးနှင့်ပဲမျိုးစုံ ခြွေလှေ့စက်များလည်း ထည့်သွင်းပြသသွားရမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များအား သက်ဆိုင်ရာကဏ္ဍအလိုက် အရည်အသွေးပြည့်မီစွာဖြင့် ယှဉ်ပြိုင်ပြသ နိုင်ရေး ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက နေပြည်တော်တွင် ပဲခူးတိုင်း ဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ ခင်းကျင်းပြသယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သွားရောက်ပြသမည့် ပြည်တွင်းကုန်ကြမ်းသုံးပစ္စည်းများ၊ သွင်းကုန်အစားထိုး တန်ဖိုးမြှင့် ထုတ်ကုန်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံထုတ်ကုန်များ၊ ပြည်ပပို့ကုန်များနှင့် OROP ထုတ်ကုန်များနှင့်ပတ်သက်၍ Power Point ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး အသေးစား၊ အငယ်စား၊ အလတ်စား MSME အေဂျင်စီ အဖွဲ့ဝင်များက ယှဉ်ပြိုင်ပြသသွားမည့် တိုင်းဒေသကြီးဒေသထွက်ကုန်များအပေါ် ဝိုင်းဝန်းအကြံပြု ဆေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ ခင်းကျင်ပြသ မည့် ဒေသထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဒေသ ထွက်ကုန် အမျိုးအစား(၆၅)မျိုးနှင့် အမယ်မျိုးစုံ(၇၀၀)ကျော် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။