Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၃)ကြိမ်မြောက် ကယားအမျိုးသားစုပေါင်း အဲဒိုပေါ်မီပွဲတော်အခမ်းအနား တက်ရောက်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၃)ကြိမ်မြောက် ကယားအမျိုးသားစုပေါင်း အဲဒိုပေါ်မီပွဲတော်အခမ်းအနား တက်ရောက်

အောက်တိုဘာ ၂၀ (တောင်ငူ)
=================

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကြူဇောင်း၊ မအူတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲဝန်းအတွင်း၌ အောက်တိုဘာလ(၂၀)ရက်နေ့ နံက်(၉:၃၀)နာရီအချိန်က (၃)ကြိမ်မြောက် ကယားအမျိုးသားစုပေါင်း အဲဒိုပေါ်မီပွဲတော် အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆုတောင်းခြင်းနှင့် ကယားယဉ်ကျေးမှုအဖွဲ့များမှ ရိုးရာယဉ်ကျေးမှုအကများဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ကယားပြည်နယ် လွှတ်တော်အမတ်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်သိန်းက ယခုကျင်းပသည့် အဲဒိုပေါ်မီပွဲတော်သည် ကယားလူမျိုးများ၏ အလွန်အရေးပါသည့် ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်သလို ကယားလူမျိုးများ၏ စီးပွားရေး၊ လူမှုရေးတို့နှင့်လည်း ဆက်စပ်လျက်ရှိ ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်တိုင်းသည် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးထားပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့လူမျိုး၊ မိမိတို့ရိုးရာ၊ မိမိတို့ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ကြသလို တိုင်းပြည်၏ အပြောင်းအလဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် တက်ရောက်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကယားလူမျိုးကိုယ်စားလှယ်များအားလုံး စိတ်နှလုံးအေးချမ်းပါစေကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ကြီး နော်ပွယ်ဆေးနှင့် ကယားလီပုလူငယ်ဥက္က၏တို့မှ အမှာစကားပြောကြားခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူ ဒါန်းသော အလှူငွေကျပ်(၁၀)သိန်းအား တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်ဆေးက  ပေးအပ်ခဲ့ရာ၊ ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါပွဲတော်အား ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းမြှင့်တင်ရန်နှင့် ကယားအမျိုးသားများအကြား အတူတကွ ပူပေါင်းဆောင်ရွက်နိုင်ရန်၊ ရပ်ဝန်းတစ်ခု စုပေါင်းဖန်တီးနိုင်ရန်၊ အမျိုးသားရေးနှင့် ယဉ်ကျေးမှု အမှတ် လက္ခဏာများ ပြန်လည်ဖော်ထုတ်ရန်၊ ကယားအမျိုးသားတို့၏ ရပ်တည်ချက်ဆိုင်ရာ ဘုံသဘောတူညီမှုများ ချမှတ်နိုင်ရေး အစပျိုးခြင်းလုပ်ငန်းများ လုပ်ဆောင်သွားရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့မှ ကယားတိုင်းရင်းသားများစုပေါင်း၍ အောက်တိုဘာလ(၁၉)ရက်နေ့မှ(၂၀)ရက်နေ့အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။