Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်မှုနှင့် ကျုံးပတ်လမ်းတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်မှုနှင့် ကျုံးပတ်လမ်းတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး

ဧပြီ ၁ (ပဲခူး)
____________________

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဧပြီလ(၁)ရက်နေ့ ညနေ(၅)နာရီအချိန်က ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပဲခူးမြို့တွင် ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်မှုနှင့် ကျုံးပတ်လမ်းအတွင်း/အပြင် တူးဖော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့် လုပ်ငန်းတာဝန်ယူဆောင်ရွက်နေသည့် Maung San KS Co.,Ltdကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာဦးခင်မောင်ဇော်တို့က ကျုံးပြန်လည်တူးဖော်မှုနှင့် ကျုံးပတ်လမ်းအတွင်း/အပြင်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတါသက်၍ရှင်းလင်းပြသရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ကျုံးပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Maung San KS Co.,Ltdကုမ္ပဏီမှ တာဝန်ယူကာ ဟံသာဝတီမြို့ဟောင်းအနောက်မြောက်‌ဒေါင့် မြို့ရိုးတူးဖော်မှုအမှတ်BGO-2မှ မုတ္တမတံခါး(ကျောက်တွင်းကုန်းလမ်းဆုံ)အထိ ကျုံးအတွင်းရှိ အမှိုက်များ၊ ဒိုက်များအားဆယ်ယူခြင်း၊ အကျယ်(၂၁၀)ပေ၊ အနက်(၁၀)ပေဖြစ်အောင် ကျုံးအားပြန်လည်တူးဖော်ခြင်းအပြင် အရှည်ပေ(၃၂၅၀)ပေရှိ ကျုံးအတွင်းပတ်လမ်းနှင့် အပြင်ကျုံးပတ်လမ်းတို့အား မြေသားလမ်းအဖြစ်ဖော်ဆောင်ကာ အတွင်းကျုံးပတ်လမ်းအား ဂဝံလမ်းအဖြစ်လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအားထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ဟံသာဝတီမြို့ရိုးပြန်လည်တူးဖော်မှု ကုန်းအမှတ်BGO-1(သိန္နီတံခါးပေါက်အနီး)၊ BGO-2ဟံသာဝတီမြို့ရိုး အနောက်မြောက်ဒေါင့်၊ BGO-3လင်းဇင်းတံခါးပေါက်တို့ကို တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည့်အပြင် ပြန်လည်တူးဖော်မှု ကုန်းအမှတ်BGO-1မှ BGO-2အထိ ကျုံးပြန်လည်တူးဖော်ခြင်း၊ ကျုံးအတွင်း/အပြင်ကျုံးပတ်လမ်းအား ဂဝံလမ်းကြမ်းဖေါက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ပြန်လည်တူးဖော်မှု ကုန်းအမှတ် BGO-1နှင့် BGO-2အကြားရှိမြို့ရိုးအား ပြန်လည်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ စေလွှတ်သည့် တူးဖော်မှုနှင့်ထိန်းသိမ်းရေးလုပ်ငန်း လက်တွေ့ဆောင်ရွက်ခဲ့ဘူးသော အတွေ့အကြုံရှိသည့်ဝန်ထမ်းများနှင့်အတူ တင်ဒါအောင်Victor Wealthကုမ္ပဏီတို့မှ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အဆိုပါBGO-1နှင့်BGO-2အတွင်းရှိ ဟံသာဝတီမြို့ဟောင်း ကျုံးကိုပြန်လည်အဆင့်မြင့်တင်ထိန်းသိမ်းခြင်း အတွင်း/အပြင်ကျုံးပတ်လမ်းကို Public Area(အများပြည်သူ အပန်းဖြေရန်နေရာ)အပါအဝင် ထိန်းသိမ်းခြင်းလုပ်ငန်းကို Emerald Lakeကုမ္ပဏီမှ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အငြိမ်းစားယူထားကြသည့် အရာရှိကြီးများနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။