Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၁

=======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ သာမဏေကျော်ပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိခဲ့ပြီး ပဓာနနာယက ဆရာတော်အား ဖူးမြော် ကန့်တော့၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask နှင့် Hand Gel ဗူးများ လှူဒါန်းခဲ့ပြီး ကျောင်းတိုက် အတွင်း သံဃာတော်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ လိပ်ပြာကန်သီလရှင် စာသင်တိုက်သို့ ရောက်ရှိခဲ့ရာ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေ မှုအား ကြည့်ရှုအားပေးပြီး တိုက်အုပ်သီလရှင်ဆရာကြီးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask နှင့် Hand Gel ဗူးများ လှူဒါန်းခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆောက်လုပ် ရေးလုပ်ငန်းရှင် များအသင်း(ပဲခူးတိုင်းဒေသကြီး)မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် Vitamin D3 ကိုယ်ခံအားမြှင့်ဆေးရည် (၇၅)လီတာအား လာရောက် လှူဒါန်းခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန် ဝန်ကြီးများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

          အဆိုပါ Vitamin D3 ကိုယ်ခံအားမြှင့်ဆေးရည်များအား တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ခံစားနေရသူများ သောက်သုံးရန်အတွက် မြို့နယ်များရှိ ကုသရေးဆေးရုံများသို့ တိုက်ရိုက်လွှဲပြောင်းပေး သွားမည်ဖြစ်သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဘတ်ဂျက်ဖြင့် မှာယူထားသည့် Oxygen Concentrator အလုံး(၂၈၀)လုံးအနက်မှ ပထမအသုတ်ဖြစ် ရောက်ရှိလာသည့် Oxygen Concentrator (၂၀)လုံးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် သတ်မှတ်စုရပ်နေရာများ၌ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ဇူလိုင်လ(၂၉) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထိုးနှံပေး လျက်ရှိရာ ဇူလိုင်လ(၃၁)ရက်နေ့အထိ  ဘုန်းကြီး/ သီလရှင်/ဘာသာရေးကျောင်းများ၊ အသက်(၆၅)နှစ်အထက် အဘိုး/ အဘွားများ၊  အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း/ပရဟိတအသင်းအဖွဲ့များ၊  ဘိုးဘွားရိပ်သာများ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများနှင့် ဈေးရောင်းချသူများ စုစုပေါင်း(၂၇၈၈၉)ဦးတို့အား ထိုးနှံပေးပြီးဖြစ်ကာ ဆက်လက်၍လည်း နေ့စဉ် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်စီစဉ်ထားသည့် ဦးစားပေးအစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သတင်းရရှိသည်။