ပဲခူး ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၉)ရက်နေ့ ၊ ညပိုင်းတွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ တတိယမြောက်နေ့ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ၊ သီလရှင်ဆရာကြီး/ဆရာလေးများ တရားတော်နာယူကြည်ညိုခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် အား “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်၊ ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာ စရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ) ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ကြွရောက်လာသည့် ဆရာတော်ကြီးက “အဆုံးသတ်သုံးမျိုး” တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူပြီး ဝန်ကြီးချုပ် အမှူးပြုသော တရားတော်နာ ပရိတ်သတ်များမှ တရားတော်နာယူ၍ ဓမ္မပူဇာအလှူငွေကျပ် သိန်း(၆၂၂၅၀၀၀)နှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြကြောင်း သိရ သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲအား ဧပြီလ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ အောင်မြင် စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။