Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၆

  

          ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ သီလရှင်ဝတ်ရုံလွှာများနှင့် လှူဖွယ်ဝတ္တုများ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ဦးစီးပဓာန နာယက၊ အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တသီရိန္ဒထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ် တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။

          ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်ဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပဲခူးမြို့ပေါ် ကျောင်းတိုက်(၉၅)ခုမှ ဆရာတော်/သံဃာတော်(၁၁၁)ပါးအတွက် ဝါဆိုသင်္ကန်းများ၊ သီလရှင်ကျောင်း(၁၂၅)ကျောင်းမှ သီလရှင် ဆရာကြီး(၂၄၇၆)ပါးအတွက် သီလရှင်ဝတ်ရုံလွှာနှင့် လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉေယျဓမ္မာဘိဝံသ ဆရာတော် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိသတ် အပေါင်း က အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ် များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော် ကြီးများ၊ တိုင်းဒေသကြီး သံဃနာယက ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးနှင့် မြို့နယ်သီလရှင် အမှုဆောင်အဖွဲ့ ဆရာကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။