Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ္တမအကြိမ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ္တမအကြိမ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

အောက်တိုဘာ ၃၁ (ပဲခူး)
===================================

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီအချ်န်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုး၍ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ) ဘဒ္ဒန္တဂန္ဓမာထံမှ ကထိန်နုမောဒနာတရား နာကြားကြသည်။
ထို့နောက် ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော် ရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံစိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဌာနဆိုင်ရာ အသီးသီးမှ ပဲခူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆရာ၊ဒါယကာ အစီအစဉ်အနေဖြင့် သတ်မှတ် တာဝန်ပေးထားသော ကျောင်းများ၌ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများပြုလုပ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပဲခူးမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းအတွက် နှစ်စဉ်ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအား ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ရာ ယနေ့လှူဒါန်းမှုမှာ ငွေကျပ်(၂၁၆)သိန်းကျော် လှူဒါန်းနိုင်ကြောင်း သိရသည်။
အခမ်းနားသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်များ၊ ဗဟိုဝန်ဆောင်ဆရာများ၊ နိုင်ငံတော်သံဃမဟာနာယ ဆရာတော်များ၊ တိုင်း/မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်များ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း နာယကဆရာတော်များ၊ သင်တန်းကျောင်းအုပ်နှင့် ကထိကဆရာတော်များ၊ သင်တန်းသား သံဃာတော်များ၊ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ တက်ရောက်ကြကြောင်း သိရသည်။