ပဲခူး ဧပြီ ၁၆

ပဲခူးမြို့၊ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် အတက်နေ့အား ဧပြီလ(၁၆)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ မိသားစုအလိုက်၊ သူငယ်ချင်း မိတ်ဆွေအစုအဖွဲ့များ အလိုက် အေးချမ်းပျော်ရွှင်စွာဖြင့် ရေသဘင်ပွဲဆင်နွှဲကြသည့် သင်္ကြန်ချစ်သူ များနှင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရှိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများတို့သည် သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ အတာရေသဘင်ပွဲအား ပါဝင်ဆင်နွှဲခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော် သရုပ်ဆောင် တေးသံရှင်များက DJ, Music Brand များဖြင့် တွဲဖက်သီဆို၍လည်းကောင်း၊ ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ ယိမ်းအဖွဲ့များက မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကအလှ များဖြင့်လည်းကောင်း ဧည့်ခံဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ညပိုင်းအချိန်တွင် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ယိမ်းအဖွဲ့များက သတ်မှတ်ထားသည့် ပြိုင်ပွဲဝင် စည်းကမ်းချက်များအတိုင်း ယိမ်းပြိုင်ပွဲများယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်(၂၈)မြို့နယ်ရှိ ဗဟိုမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် ရပ်ကွက်/ ကျေးရွာများ၌ မဏ္ဍပ်ငယ်များဖြင့် လူငယ်များ၊ ကလေးငယ်များစုဖွဲ့၍ ပျော်ရွှင်အေးချမ်းစွာ ရေပတ်ကစား ကြခြင်း၊ လမ်းများအလိုက် ထမင်း+ဟင်း၊ မြန်မာမုန့်မျိုးစုံနှင့် အအေးမျိုးစုံတို့အား စတုဒီသာကျွေးမွေးလှူ ဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဘုရားစေတီနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလဆောက် တည်ကြသူများ၊ ကုသိုလ်အလှူဒါန်နပြုလုပ်ကြသူများနှင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website