Home / စည်ပင်သာယာရေးအဖွဲ့ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များထံ ယာဉ်၊ စက်၊ ယန္တရားများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များထံ ယာဉ်၊ စက်၊ ယန္တရားများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နိုဝင်ဘာ ၈ (ပဲခူး)
===================================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၈)ရက် နေ့နံက်(၁၀)နာရီအချိန်က ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (၂၈)ဖွဲ့၏ ကျပ်သိန်း(၁၀၀)အထက် လုပ်ငန်းများ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများတွေ့ဆုံပွဲနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များထံ ယာဉ်၊ စက်၊ ယန္တရားများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့က အမှာစကားပြောကြားပြီး Bago Region Construction Control Authority(BRCCA) ဥက္ကဌ ဦးဝင်းနိုင်ထွန်းက ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (၂၈)ဖွဲ့၏ ကျပ်သိန်း(၁၀၀)အထက် လုပ်ငန်းများအပေါ် BRCCAမှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအတွက် ဝယ်ယူထားရှိသော ယာဉ်၊ စက်၊ ယန္တရားများအား ဝန်ကြီးချုပ်မှ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထံ လွှဲပြောင်းပေးအပ်ပြီး ဝန်ကြီးချုပ်က စည်ပင်သာယာရေးလုပ်ငန်းများသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့သည့် လုပ်ငန်းဖြစ်သောကြောင့် လုပ်ငန်း တစ်ခုချင်းစီအလိုက် အရည်အသွေး ပြည့်မီရန်နှင့် သတ်မှတ်ထားသည့် အချိန်ကာလ တစ်ခုအထိ ခံနိုင်ရည်ရှိရန်လို အပ်ကြောင်း၊ မည်သည့် လုပ်ငန်းမျိုးကိုပဲလုပ်လုပ် တိုင်းပြည်အပေါ် စေတနာထားပြီး ပြည်သူကို မျက်နှာမူကာလုပ်ဆောင်ပေးရန် အရေးကြီးကြောင်းနှင့် ဒီမိုကရေစီ လူအဖွဲ့အစည်းတစ်ခုတွင် အသိဖြင့်အလုပ်လုပ်ကြရန် လိုအပ်ကြောင်း နိဂုံးချုပ်အမှာပြောကြားကာ ယာဉ်၊ စက်၊ ယန္တရားများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၁၈ ခု ဘဏ္ဍာနှစ်အတွင်း တင်ဒါခေါ်ယူပြီးကျပ်သိန်း(၁၀၀)အထက် ဆောင်ရွက်မည့် စည်ပင် သာယာရေး လုပ်ငန်းများအနေဖြင့် စုစုပေါင်း(၃၇၂)ခုရှိရာ ကုမ္ပဏီ(၈၀)ခုမှလုပ်ငန်းအားလုံးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ အကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်သည်။
၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘက်ဂျက်ဖြင့် မြို့နယ်များတွင် အထူးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ရေစီးရေလာ ကောင်းမွန်အောင်ဆောင်ရွက်နိုင်ရန်အတွက် (5)Ton Back Hoeယာဉ်(၁)စီး၊ (3)တန်ခွဲBack Hoeယာဉ်(၄)စီး၊ Dump Truckယာဉ်(၂၃)စီး၊ အမှိုက်သိမ်းယာဉ် Hydraulic Garbage Truck(၁၃)စီး၊ Tank(၅၂)လုံးတို့အား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေဖြင့် (5)Ton Back Hoeယာဉ်(၂၈)စီးနှင့် အမှိုက်သိမ်းယာဉ်(၉၆)စီး ထပ်မံဝယ်ယူရန် ဖြန့်ဝေပေးရန်စီမံထားကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ညွှန်ကြားရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ် ည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ BRCCA အဖွဲ့မှ ကိုယ်စားလှယ်များ၊ QC အဖွဲ့ဝင်များ ၊တင်ဒါအောင်မြင်သော ကုမ္ပဏီများတက်ရောက်ခဲ့ကြောင်း သိရသည်။