Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Ever Source Power Co., Ltd တို့ B.O.T စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Ever Source Power Co., Ltd တို့ B.O.T စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား

ဇန်နဝါရီ ၂၈ (ပဲခူး)
===================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ (၂၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပသိရေအားလျှပ်စစ်စက်ရုံ၊ အကြီးစားပြင်ဆင်ခြင်းနှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Ever Source Power Co., Ltd တို့ B.O.T စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပပြလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့သည့် ပသိရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံအား အကြီးစားပြန်လည်ပြုပြင်၍ အစိုးရ၏ မဟာဓါတ်အားလိုင်းသို့ ပို့လွှတ်၍ အနီးပတ်ဝန်းကျင် ကျေးရွာများ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ရန် ဆောင်ရွက်မှုအပေါ် ကြိုဆိုကြောင်း၊ ကျေးလက်ဒေသများအထိ လျှပ်စစ်ဓါတ်အား ရောက်ရှိမှသာ ထင်းသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ကောင်းမွန်လာခြင်း၊ အသေးစား စက်မှု၊လက်မှုလုပ်ငန်းများ တိုးတက်လာခြင်း၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝများ တိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများ ခံရနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ကုမ္ပဏီဘက်မှ လိုက်နာဆောင်ရွက်သွားရန်၊ ပြည်ထောင်စုနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ အကြံပြုပြောကြားခဲ့ပြီး၊ Ever Source Power Co., Ltd မှ မန်နေးဂျင်ဒါရိုက်တာ ဦးသန်းထွေးက ယုံကြည်စွာ လုပ်ငန်းအပ်နှံမှုပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် လုပ်ငန်းများအား အကောင်းဆုံး၊ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Ever Source Power Co., Ltd တို့ B.O.T စာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ အတွင်းရေးမှူး ဦးစိုးသိန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Ever Source Power Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးသန်းထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ငူမြို့နယ်ရှိ 2 MW ပသိရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံအား အကြီးစား ပြန်လည်ပြုပြင်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ပါက ပတ်ဝန်းကျင်ကျေးရွာ (၃၂)ရွာအား လျှပ်စစ်မီး ပေးနိုင်မည့်အပြင် နိုင်ငံတော်အခွန်ဘဏ္ဍာများလည်း တိုးတက်ရရှိလာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။