Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် ဆီဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် ဆီဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၂၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် ဆီဆွမ်းလောင်းလှူပွဲအား ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ မေလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတေီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်လောင်းလှူ ပူဇော်ခဲ့ကြသည်။

          ရှေးဦးစွာ ကြွရောက်လာသည့် သံဃာတော်အပါး(၁၀၀၀)တို့က ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတေီတော်မြတ်ကြီး နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ခဲ့ကြပြီး မေတ္တာသုတ် ပရိတ်တော်များ ရွတ်ပွားပူဇော်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းသည် ဌာနဆိုင်ရာ များ၊ စေတနာရှင် အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့၏ ဆီဆွမ်းလောင်းလှူပွဲတွင် ပါဝင်လောင်းလှူမည့် လှူဖွယ်ဝတ္တုပစ္စည်းများ ခင်းကျင်းပြသထားမှုနှင့် စတုဒီသာကျွေးမွေးနေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘုရားအမှူးရှိသော သံဃာတော်အပါး(၁၀၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား ဆီဆွမ်းနှင့် အခြားလှူဖွယ်ဝတ္တုပစ္စည်းများအား ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများနှင့်အတူ သဒ္ဒါကြည်ဖြူစွာဖြင့် ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာတော်သံဃာတော် အပါး(၁၀၀၀)အတွက် သပိတ်ဆွမ်းနှင့် ဆွမ်းဟင်းချိုင့်၊ သီလရှင်အပါး(၁၀၀)အတွက် ဆွမ်းချိုင့်တို့အား နေ့ဆွမ်းအဖြစ် ထပ်မံဆက်ကပ်လောင်းလှူ ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ဆီဆွမ်း လောင်းလှူပူဇော်ပွဲတွင် လာရောက်ကြသည့် စေတနာရှင်အလှူရှင်များနှင့်အတူ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ပညာယျစေတေီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ တောင်ဘက်မုခ်၌ ဗောဓိညောင်ပင်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

          ပဲခူးမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆီဆွမ်းလောင်းလှူပူဇော်ပွဲအား ပထမဆုံး အကြိမ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်းအားဖြင့် ဆီပိဿာချိန်(၂၂၀၀)အပြင် အခြားလှူဖွယ်ဝတ္တုစုစုပေါင်း ကျပ်သိန်း(၁၀၀၀)ကျော် လောင်းလှူပူဇော်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။