Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီးဖြစ်၍ မိုးစပါး စိုက် ရေတော်မိုးတော်ဧကများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူးတိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီးဖြစ်၍ မိုးစပါး စိုက် ရေတော်မိုးတော်ဧကများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး မေ ၃၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက် ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးလုပ်ငန်းညှိနှိုင်း အစည်းဝေး အမှတ်စဉ်(၃/၂၀၂၄) ကျင်းပ ပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီးဖြစ်၍ မိုးစပါးစိုက် ရေတော်မိုးတော်ဧကများအားလုံး ပန်းတိုင်အထွက် နှုန်းရရှိရေး အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပြီး ယခင်နှစ်မိုးစပါးစိုက်ရာသီတွင် ကြုံတွေ့ခဲ့ရတဲ့ အားသာချက်၊ အားနည်း ချက်များ၊ စိန်ခေါ်မှုများ၊ ရေကြီးနစ်မြှုပ်ထိခိုက်ပျက်စီးခဲ့မှုများပေါ် သုံးသပ်၍ ယခုနှစ် မိုးစပါး စိုက်ရာသီတွင် အကောင်းဆုံး ပြင်ဆင်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နွေစပါးနောက်ကျသည့် တစ်နှစ် (၃)သီးစိုက် လယ်မြေများအတွက် ကြိုတင်ပျိုးထောင်သည့်စနစ်ကို ဆောင်ရွက်သွာရမှာဖြစ်ပြီး စိုက်ပျိုးမည့် မျိုးစပါးများအား မျိုးစေ့သန့်စင်ခြင်း၊ ဆားရည်စိမ်၍ ပျိုးထောင် ခြင်းများ ပြုလုပ်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ်လုံးဝပပျောက်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ပြီး သတ်မှတ်နည်းစနစ်အတိုင်း စိုက်ပျိုးပါက တစ်ဧက ကောက်ကွက်ပြည့်မီခြင်း၊ ပင်ကြားတန်းကြား ညီညွတ်၍ လေဝင်/လေထွက် ကောင်းမွန်ခြင်း၊ ပင်ပွားနှုန်းကောင်းခြင်းနှင့်အတူ ပန်းတိုင်အထွက်နှုန်းလည်း တိုးတက်ရရှိလာမှာဖြစ်ကြောင်း၊ ရေမြေသဘာဝ မတူညီသည့် လယ်မြေများတွင် ဒေသနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိသည့် မျိုးကောင်းမျိုးသန့်များ ကြိုတင်ဖြန့်ဖြူးပေးထားရန်နှင့် တောင်သူအသိပညာပေး စံပြစိုက်ခင်းများအား မြေအမျိုး အစားအလိုက် စိုက်ပျိုးပြသထားရန်လိုအပ်မှာဖြစ်ကြောင်း၊ လယ်ယာမြေနှင့်ပတ်သက်၍ အခြားနည်း တစ်စုံတစ်ရာမရှိဘဲ ကျူးလွန်ဆောင်ရွက်ပါက စတင်ဆောင်ရွက်သည့် အချိန်ကတည်းက တားဆီးခြင်း၊ အရေးယူခြင်းများ ထိထိရောက်ရောက် ဆောင်ရွက်သွား ရန်နှင့် လယ်မြေများအား စီးပွားရေး တစ်ခုအလို့ငှာ ဝယ်ယူထားပြီး စိုက်ပျိုးခြင်းမရှိသည့် မြေများအား ဥပဒေနှင့်အညီ စိစစ်ဖော်ထုတ်အရေး ယူသွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် နွေစပါး ရိတ်သိမ်းပြီးစီးမှု၊ မိုးစပါးစိုက်ပျိုးရန် လျာထားမှုနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင် အထွက်နှုန်းပြည့်မီရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးသီးနှံအလိုက် အသိပညာပေးဆောင်ရွက်ခြင်းအပြင် တောင်သူလယ်သမား သင်တန်းကျောင်းများတွင် သင်တန်းများဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြ သည်။

          ယင်းနောက် တင်ပြချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ အဖွဲ့ဝင်များက ဒေသအလိုက် စိုက်ပျိုးသီးနှံများပေါ် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပံ့ပိုးကူညီဆောင် ရွက်ပေးနိုင်မည့် အခြေအနေများအားလည်းကောင်း၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ များက စိုက်ပျိုး သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ စုဆောင်းထားရှိမှုနှင့် သီးခြားလိုအပ်ချက်များအား ရှင်းလင်းတင်ပြ ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းမှ စိုက်ပျိုးသီးနှံ တစ်ခုချင်းအလိုက် သီးထပ်စွမ်းအား တိုးတက်စေရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး၊ မြေလပ်မရှိ အကျိုးရှိရှိ စိုက်ပျိုးသွားနိုင်ရေး လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် အခမ်းအနား တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများအား ဘက်စုံသုံးအစေ့ချစက် တီထွင်ပြုလုပ်ထားမှုအား ရှင်းလင်းပြသခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးနှံစိုက်စွမ်းအား (၁၉၁.၀၅)ရာခိုင်နှုန်း၊ သီးထပ်စွမ်းအား (၈၈.၂၈)ရာခိုင်းနှုန်းရရှိခဲ့ရာမှ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သီးနှံစိုက်စွမ်းအား (၁၉၃.၂၉) ရာခိုင်နှုန်းနှင့် သီးထပ်စွမ်းအား(၉၀.၅၂)ရာခိုင်းနှုန်း တိုးတက်ရရှိနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။