Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များ အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များ အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၁၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ မတ်လ(၁၃) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

        ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ကြွရောက်လာသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်၊ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များနှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

        ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က “ထူးမခြားနား”ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာအခမ်းအနားမှူးက အခမ်းအနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။

       ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းက ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ ထေရ်အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ ဝါဆိုဦးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒ မဟာထေရ်မြတ်က သမ္မောဒနီယဩဝါဒ ကထာ မြွက်ကြားချီးမြှင့်တော်မူသည်။

         ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများ အား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူတို့က ဘွဲ့တံဆိပ်တော်များ အသီးသီးဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ကြသည်။

        ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစရာလင်္ကာဘိဝံသ အရှင်မြတ်ထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ပြီး ကြွရောက်လာကြသည့် ဆရာတော် များနှင့် သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

         ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိမှုမှာ မဟာ ဂန္ထဝါစကပဏ္ဍိတ(၆)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ(၉)ပါး၊ မဟာကမ္မဌာနာစရိယ(၃)ပါး၊ ဂန္ထဝါစကပဏ္ဍိတ (၉)ပါး၊ သဒ္ဓမ္မဇောတိကဓဇ (၇)ပါး၊ ကမ္မဌာနာစရိယ(၂)ပါး၊ သီဟသူဓမ္မသိင်္ဂီ(၁)ဦး စုစုပေါင်း ရဟန်း/သံဃာ (၃၂)ပါး၊ သီလရှင်(၄)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦးတို့ ရရှိကြကြောင်း သတင်းရရှိသည်။