ပဲခူး စက်တင်ဘာ ၁၇
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း နှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်များပေးအပ်ခြင်း အခမ်း အနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ကုန်ထုတ် စွမ်းအားစုတိုးတက်အောင် ဆောင်ရွက်နေသည့် အာမခံအလုပ်သမားများ၏ သားသမီးများ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးသည် အလွန်အရေးကြီးပြီး မဖြစ်မနေ ပံပိုးကူညီဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမား များ၏ သားသမီး(၆၀၉၃)ဦးသည် စဉ်ဆက်မပြတ် ပညာသင်ကြားနေသည့်အတွက် ငွေကျပ်(၂၄၄.၄၅၅) သန်းနှင့် မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုး ခံစားခွင့်(၄၀)ရာခိုင်နှုန်းဖြင့် အာမခံအလုပ်သမား (၈၅၆၉)ဦးအတွက် ငွေကျပ်သန်း(၆၈၂.၀၃၁)သန်းအား ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သို့ သတ်မှတ်ထားသည့် လစဉ်ထည့်ဝင် ကြေး ထည့်သွင်းပေးခြင်းအားဖြင့် အလုပ်သမားများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပြင် သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါကလည်း သက်ဆိုင်ရာနည်းလမ်းများအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေး လျက်ရှိသည့်အပြင် အာမခံအလုပ်သမားများနှင့် အလုပ်ရှင်များအကျိုးရှိစေမည့် လူမှုဖူလုံရေးအဖွဲ့ကြီး ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းစဉ်နှင့် လူမှုဖူလုံရေးအဖွဲ့၏ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာဝန်ဆောင်မှုများနှင့် အလုပ်သမားများ ၏ ရပိုင်ခွင့်အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်က အာမခံအလုပ်သမား (၈၅၆၉)ဦးအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ကျပ်သန်း(၆၈၂.၀၃၁)သန်းကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်ထံသို့ အလုပ်သမားဝန်ကြီးဌာန၊ ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးကျော်ကျော်ဦးက အာမခံအလုပ်သမား(၄၆၇၁)ဦး၏ သားသမီး(၆၀၉၃)ဦးအတွက် ပညာသင် ထောက်ပံ့ကြေး ငွေကျပ်(၂၄၄.၄၅၅)သန်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် လူမှုဖူလုံရေးအဖွဲ့မှ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်များ ပေးအပ်ခဲ့မှုပေါ် အာမခံအလုပ်သမားများကိုယ်စား Amity (Myan mar) Co., Ltd ၏ မန်နေဂျာ ဦးကျော်လွင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာသည့် ကုမ္ပဏီ၊ လုပ်ငန်းအသီးသီးမှ အာမခံအလုပ်သမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး အလုပ် သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ရွေ့လျားဆေးကုသရေးယာဉ်ဖြင့် အာမခံအလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။