Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်သူများအတွက် နည်းပြသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်သူများအတွက် နည်းပြသင်တန်းဖွင့်လှစ်

စက်တင်ဘာ ၂၁ (ပဲခူး)
======================

ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း၍ ပဲခူးမြို့၊ Famous Hotel ၌ စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်သူများအတွက် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းလို့မရသလို ကြိုတင်သိရှိခြင်းလည်းမရှိသည့်အတွက် အလွန်အန္တရာယ်ကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုပမာဏလည်းအလွန်ကြီးမားနိုင်ကြောင်း၊ ငလျင်ဘေးအတွက် တုံ့ပြန်ဆောင်ရွက်ရခြင်းသည် အခြားဖြည်းဖြည်းချင်းဖြစ်ပွားသည့် ဘေးအန္တရာယ်များ ကျရောက်မှုများကို တုံ့ပြန်မှုနဲ့ကွာခြားကြောင်း၊ မြေငလျင်ကြောင့်ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည့် အကောင်းဆုံးနည်းလမ်းသည် ကြိုတင်ပြင်ဆင်ထားခြင်းနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း စသည့်အစီအမံများဖြစ်ကြောင်း၊ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးများ လျော့နည်းစေရန်အတွက် ငလျင်မလှုပ်မီကြိုတင်ပြင်ဆင်ရန်၊ ငလျင်လှုပ်နေစဉ်နှင့် လှုပ်ပြီးဆောင်ရွက်ရမည့် အရာများအား စာသင်ကျောင်းများတွင် ကျောင်းသား/သူများအား အသိပညာပေးခြင်း ကျယ်ပြန့်စွာ ဆောင်ရွက်သွားကြရန်၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝဘေးလျော့ပါးရေး အစီအမံများ ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးကို သဘာဝဘေးအန္တရာယ်များမှ လုံခြုံစိတ်ချရပြီး ဘေးဒဏ်များကြံ့ကြံ့ခိုင်နိုင်သော တိုင်းဒေသကြီးအဖြစ် တည်ဆောက်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှုးဦးသိန်းဌေးအောင်က ကျေးဇူးတင်စကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်သူများအတွက် နည်းပြသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ UNDPမှ ဒေါ်သင်းလှိုင်ဦးက ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းအား စက်တင်ဘာလ(၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ နည်းပြအဖြစ် ပြန်လည်သင်တန်းပို့ချပေးနိုင်မည့် ဆရာ/မ(၂၈)ဦး၊ဘေးအန္တရာယ်ဦးစီးဌာနမှ(၆)ဦး စုစုပေါင်း(၃၄)ဦးအား အခြေခံပညာကျောင်းများတွင် မြေငလျင်ဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်နိုင်ရန်၊ ကျောင်းသား/သူများ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ငလျင်မလှုပ်မီကြိုတင်ပြင်ဆင်ရန်၊ ငလျင်လှုပ်နေစဉ်နှင့် လှုပ်ပြီးနောက်ဆောင်ရွက်ရမည့် အရာများကိုသိရှိစေရန်၊ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာမြင့်မားရေး၊ ကျောင်းသား/သူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ကြိုတင်ပြင်ဆင်မှုနှင့် တုန့်ပြန်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဦးစီးဌာနညွှန်ကြားရေးမှုးနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီးပညာရေးမှုး၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ၊ UNDPမှ တာဝန်ရှိသူများတက်ရောက်ကြကြောင်းသတင်းရရှိသည်။