Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသထွက်ကုန် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသထွက်ကုန် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်

စက်တင်ဘာ ၂၁ (ပဲခူး)

=============

          စက်တင်ဘာလ (၂၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသဖွက်ကုန် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦး၀င်းသိန်းက အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည့် အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသထွက်ကုန် ပြပွဲ၊ ပြိုင်ပွဲသည် အမှန်တကယ် အသေးစား၊ အလတ်စား လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းများ ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းပြပွဲ၊ ပြိုင်ပွဲသို့ အခြားပြည်နယ်/တိုင်းဒေသကြီးမှ လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ၊ ဘဏ်များမှ လာရောက်လေ့လာမည်ဖြစ်သဖြင့် ချေးငွေရရှိနိုင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် နည်းပညာများ၊ ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိစေခြင်း၊ ပဲခူးတိုင်း ဒေသကြီး၏ ဒေသထွက်ကုန်များ စျေးကွက်နေရာတစ်ခု ရရှိနိုင်သည့် အကျိုးကျေးဇူးများ ရရှိ နိုင်မည်ဖြစ်၍ ဌာနဆိုင်ရာများမှ ဝန်းဝိုင်းပူးပေါင်းကြိုးစားကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားပြင်ဆင်ရေးနှင့် ပြပွဲကျင်းပရေးကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးကော်မတီ၊ ဆုချီးမြှင့်ရေးကော်မတီ၊ အကဲဖြတ်အမှတ်ပေးရေးကော်မတီ၊ ရန်ပုံငွေရှာဖွေရေးကော်မတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ ပြန်ကြားရေး၊ ဖျော်ဖြေရေးနှင့် မှတ်တမ်းတင်ရေးကော်မတီ၊ ကျန်းမာရေးကော်မတီနှင့် လုံခြုံရေးကော်မတီတို့မှ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေနေများအား အသီးသီးတင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသထွက်ကုန် ပြပွဲ၊ ပြိုပွဲများအား အောက်တိုဘာလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ပဲခူးမြို့၊ ရွှေမောဓော်ဘုရား၊ အနောက်ဖက်မုဒ် ယာဉ်ရပ်နားဝန်းတွင် ပြုလုပ်မည်ဖြစ်ပြီး၊ ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေနှင့် နေပြည်တော်မှ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တက်ရောက်မည်ဖြစ်ပြီး၊ ပြခန်းပေါင်း (၁၉၀)ကျော် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ စက်မှုလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။