Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၃)၊ နံနက် ပိုင်း ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့်အပိုင်း (၂)ကို အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီး နောက်ဆုံးအပိုင်းဖြစ်သည့် အပိုင်း(၃)တွင် (၈)မြို့နယ်ကိုလည်း အောင်မြင်စွာ ဆက်လက် ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ဆောင်ရွက်ပြီးပါက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ (၂၈)မြို့နယ်လုံးတွင် ကျင်းပပြီးစီး သွားမှာဖြစ်ကြောင်း၊ မဲပေးစက်များနှင့် ဆန္ဒမဲပုံးများ သယ်ယူပို့ဆောင်ရေးတွင် သတ်မှတ်နည်းလမ်းများ အတိုင်း စနစ်တကျ သယ်ယူပို့ဆောင်သွားရမှာဖြစ်ပြီး ဆန္ဒမဲပေးခြင်းပြီးဆုံးပါက သက်ဆိုင်ရာမဲရုံများရှိ ပစ္စည်းများအားလုံး သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ ရောက်ရှိစေရေး အားလုံးဝန်းဝိုင်း ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ဆောင်ရွက် ပြီးပါက ဆန္ဒမဲပေးစက်များအား သတ်မှတ်နည်းလမ်းများအတိုင်း စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်း ထားရမှာဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး၊ မဲပေးသူ မဲဆန္ဒရှင်များ အေးချမ်းစွာလာ ရောက်မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွား ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင်က မဲရုံကျ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံတာဝန်ကျဝန်ထမ်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့် အခြေအနေများကိုလည်း ကောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကြီးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးက နယ်မြေဒေသဆိုင်ရာလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှုနှင့် ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိက အပိုင်း(၃)တွင် ကျင်းပမည့် မဲရုံများအလိုက် မဲပေးစက်များ ဖြန့်ခွဲပေးသွားမည့် အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးက ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူတိုင်း မဲပေး ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာမဲရုံများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း အေးချမ်းသက်သာစွာ ဆန္ဒမဲလာရောက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားသည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တက်ရောက်လာသည့် တာဝန် ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းအကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီအပိုင်း(၃) ကျင်းပဆောင်ရွက်မည့် မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။