Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း လမ်း/တံတားနှင့် မြစ်ကြောင်းထိန်းသိမ်းခြင်းလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ နည်းပညာများဖြင့် ဆောင်ရွက်နိုင်ရန် လာရောက်မိတ်ဆက်ရှင်းလင်း

ပဲခူးတိုင်းဒေသကြီးအတွင်း လမ်း/တံတားနှင့် မြစ်ကြောင်းထိန်းသိမ်းခြင်းလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ နည်းပညာများဖြင့် ဆောင်ရွက်နိုင်ရန် လာရောက်မိတ်ဆက်ရှင်းလင်း

နိုဝင်ဘာ ၂၇ (ပဲခူး)
=================

ပဲခူးတိုင်းဒေသကြီးအတွင်း လမ်း/တံတားနှင့် မြစ်ကြောင်းထိန်းသိမ်းခြင်းလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ နည်းပညာများဖြင့် ဆောင်ရွက်နိုင်ရန် နိုဝင်ဘာလ (၂၇)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဝင်းနေဝင်းကုမ္ပဏီလီမိတက်နှင့် တော်ဝင်စာမရီအင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ လာရောက်မိတ်ဆက်ရှင်းလင်းသည်။
ရှေးဦးစွာ ဝင်းနေဝင်းကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးနီဝင်း၊ တော်ဝင်စာမရီအင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးရဲမောင်နှင့် ဒါရိုက်တာ ဒေါ်မေဇဗ္ဗူတို့က  မိမိတို့ကုမ္ပဏီသည် အင်္ဂလန်နိုင်ငံအခြေစိုက် Mabey Co., နှင့်ချိတ်ဆက်၍ ပြည်ပချေးငွေရရှိရေး၊ လမ်း/တံတားနှင့် မြစ်ချောင်းထိန်းသိမ်းခြင်း လုပ်ငန်းများအား သက်သာသော အတိုးနှုန်းဖြင့် နှစ်ရှည်ချေးငွေ ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းတွင် လမ်း/တံတားများ အထူးလိုအပ်လျက်ရှိပြီး ကုန်စည်စီးဆင်းမှု ချောမွေ့အဆင်ပြေနိုင်မှသာ ဒေသတွင်းစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ကြောင်း၊ ပြည်ပချေးငွေနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနမှသာ စီမံဆောင်ရွက်သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ယခုလာရောက်မိတ်ဆက်သည့် ကုမ္ပဏီသည် ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အလွန်အသုံးဝင်သည့်ကုမ္ပဏီဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်း အသုံးဝင်လာမည့် ရိုးမဖြတ်ကျော်လမ်း (ဇောင်းတူ-သာယာဝတီ) ဖားရွှေကျော်လမ်း ၊ ပဲခူးမြစ်ကြောင်းနှင့် စစ်တောင်းမြစ်ဝ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် စစ်တောင်းမြစ်ကူးတံတားများ အထူးလိုအပ်လျက်ရှိနေ၍ လမ်း/ တံတားနှင့် မြစ်ကြောင်းထိန်းသိမ်းသည့် နည်းပညာများ လာရောက်မိတ်ဆက် ရှင်းလင်းတင်ပြမှုကို ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးအတွင်း လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်မည်ဆိုပါကလည်း ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းဝင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ဝင်းနေဝင်းကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးနီဝင်း၊ တော်ဝင်စာမရီအင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးရဲမောင်၊ ဒါရိုက်တာ ဒေါ်မေဇဗ္ဗူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။